လယ်ဝေး အောက်တိုဘာ ၅
နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့ မွန်းလွဲပိုင်းက လယ်ဝေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပသည့် မြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ခဲ့သည့် စပါးခင်းများအား ပြန်လည်ကုစားခြင်းများ ဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးက သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုများအား တွေ့ကြုံရာတွင် ကြိုတင်ကာကွယ်ခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်ပါကြောင်း၊ ကြိုတင်ကာကွယ်ထားခြင်းကြောင့် ဘေးအန္တရာယ်ကြုံလာသည့်အခါ ထိခိုက်ပျက်စီးမှုများရှိခဲ့သော်လည်း နည်းပါးခဲ့ကြောင်း၊ ရာဂီမုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းသဖြင့် ရေဘေးကြောင့်ပျက်စီးခဲ့သည့် လယ်ယာများအား ပြန်လည်ကုစားမည့်အစီအစဥ်များကို စိုက်ကြပ်အဖွဲ့များကကွင်းဆင်းကာ တောင်သူများနှင့်တွေ့ဆုံ၍ အမြန်တင်ပြရန်၊ သီးထပ်စွမ်းအားမြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဌာနဆိုင်ရာများမှ မှန်ကန်သောနည်းစနစ်များပံ့ပိုး၍ စနစ်တကျစိုက်ပျိုးရန်၊ ပျက်စီးသွားသည့် လယ်ယာမြေများအတွက် MEC မှ မျိုးနှင့်စိုက်ပျိုးစရိတ်ထောက်ပံ့မည့်အစီအစဥ်များရှိသဖြင့် တောင်သူများ၏လိုအပ်ချက်များကို တွေ့ဆုံမေးမြန်းထားရန်၊ MSMEလုပ်ငန်းရှင်များအနေဖြင့် ဒေသတွင်းဆီစားသုံးမှုဖူလုံရေးအတွက် ဆီထွက်သီးနှံကြိတ်ခွဲစက်များ၊ ဆီကြိတ်စက်များဖြင့် ထုတ်လုပ်နိုင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှတဆင့် နေပြည်တော်ကောင်စီသို့ တင်ပြရန်ဖြစ်ကြောင်းစသည်ဖြင့် ပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်ဆောင်က လယ်ဝေးမြို့နယ်အတွင်း ရေကြီးနစ်မြုပ်ခဲ့သည့် လယ်ယာမြေများအား ပြန်လည်ကုစားရန်အတွက် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုများအားလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဦးဝင်းအောင်က ပြန်လည်ကုစားရာတွင် ဒေသနှင့်ကိုက်ညီသည့် သီးနှံမျိုးများရွေးချယ်စိုက်ပျိုးနိုင်ရေးနှင့် တောင်သူများအနေဖြင့်ရိုးပြတ်(ကောက်ရိုး)များကို မီးရှို့ခြင်းမပြုဘဲတိရစ္ဆာန်အစာနှင့်သဘာဝမြေသြဇာပြုလုပ်နည်းများသိရှိစေရန် အသိပညာပေးဆောင်ရွက်ရန် လိုအပ်ကြောင်းဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ပြန်လည်ကုစားမည့် စိုက်ပျိုးသီးနှံစိုက်ပျိုးဧက ၁၅၀ အား ယူရီးယား၊ ပိုတက်၊ ကျောက်မှုန့် သုံးမျိုးစပ်မြေသြဇာများ ထောက်ပံပေးအပ်မည့်အကြောင်းနှင့် မြေစာရင်းဦးစီးဌာနမှူးဦးတင့်ခိုင်က လယ်ဝေးမြို့နယ်အတွင်း ရေနစ်မြုပ်လယ်ယာမြေများ၊ ပြန်ပေါ်လာသည့် လယ်ယာမြေများနှင့်ထိခိုက်ပျက်စီးခဲ့သည့် လယ်ယာမြေများအားရှင်းလင်းတင်ပြသည်။
ဝေကြည်(ပြန်/ဆက်)