ရန်ကုန် အောက်တိုဘာ ၄
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်းသည် ယမန်နေ့မွန်းလွဲပိုင်းတွင် သန်လျင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှင်စောပုခန်းမတွင် ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းနှင့်အဖွဲ့ဝင်များအားတွေ့ဆုံ၍ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရေး ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီးသည် ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများလိုက်ပါလျက် ကျောက်တန်းမြို့နယ် ရွှေကုန်းရပ်ကွက်နှင့် အရှေ့ပိုင်းရပ်ကွက်တို့တွင် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနေမှုအားကြည့်ရှု့အားပေးပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ကျောက်တန်းမြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်နှင့်အဖွဲ့ဝင်များအားတွေ့ဆုံ၍ လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် သန်လျင်မြို့နယ် ညောင်သုံးပင်ကျေးရွာအတွင်း သန်းခေါင်စာရင်းကောက်ယူနေမှုအားကြည့်ရှု့အားပေးပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်နှင့်အဖွဲ့ဝင်များအားတွေ့ဆုံ၍ လိုအပ်သည်များမှာကြားကာ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ (ခရိုင်ပြန်ဆက်)