ကျိုက်ထို အောက်တိုဘာ ၄
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက ကျိုက်ထိုမြို့၊ မြောက်ပိုင်းရပ်ကွက်ရှိ အ.မ.က(ခြင်္သေ့နှစ်ကောင်) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးအောင်ဟေမာန်စိုးက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာအသုံးပြုရေး၊ ကျောင်းစာကို ကြိုးစားကြသလို ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြရေးတို့ကို ဟောပြောဆွေးနွေးခဲ့သည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်၊ စာစောင်များကို စိတ်ကြိုက်ရွေးချယ်ဖတ်ရှုကာ စာဖတ်စွမ်းရည်ယှဉ်ပြိုင်ခြင်း၊ ပုံပြင်ပြော၊ ကဗျာရွတ်ဆို ယှဉ်ပြိုင်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသူ၊ ကျောင်းသားများ ဖတ်ရှုလေ့လာနိုင်ရန် ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ စာစောင်များ စသည့် ကလေးများအသိပညာတိုးပွားရေး စာအုပ်စာပေများနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်သတိပြုကာကွယ်ရေး စသည့် အသိပညာပေးနံရံကပ်စာစောင်များတို့ကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ကျိုက်ထို(ပြန်/ဆက်)