ထန်းတပင်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းဆင်းပွဲ ကျင်းပ

ထန်းတပင် အောက်တိုဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် မီးသတ်ဦးစီးဌာနတွင် အရန်မီးသတ်တပ်ဖွဲ့ ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း သင်တန်းဆင်းပွဲကို ယနေ့က အဆိုပါဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးဖြိုးဝေစိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်စိုးနှင့် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုးမင်းအောင်တို့က သင်တန်းဆင်းလက်မှတ်များကို သင်တန်းသားများကိုပေးအပ်ခဲ့ကြောင်းသိရသည်။

မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို သန္ဓေတပ်ဖွဲ့ဝင်များနှင့်လက်တွဲကာ ပူးပေါင်း၍ ဆောင်ရွက်သွားနိုင်ရန်အတွက် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပြီး သင်တန်းကို စက်တင်ဘာလ (၉) ရက်နေ့မှစတင်၍ အောက်တိုဘာလ (၄) ရက်နေ့အထိ ရက်သတ္တပတ် လေးပတ်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ရပ်ကွက်/ ကျေးရွာအုပ်စုများမှ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀) ဦးတို့ကို တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)