နမ့်စန်(တ) အောက်တိုဘာ ၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အောက်တိုဘာလ ၂ ရက်မှစတင်၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နမ့်စန်မြို့တွင်း ဖြတ်သန်းစီးဆင်းနေသော နမ့်လတ်ချောင်းရေလျှံကာ ယမန်နေ့နေ့လည်ပိုင်းမှစတင်၍ ချောင်းအနီးဝန်းကျင်နှင့် အနိမ့်ပိုင်းလူနေအိမ်များအတွင်း ရေများထပ်မံဝင်ရောက်လျက်ရှိကြောင်း သိရသည်။
နမ့်စန်မြို့ အမှတ်(၁)ရပ်ကွက် မြေနိမ့်ရာနေရာများ၊ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက် ချောင်းဘေးရှိနေရာများရှိ လူနေအိမ်များအတွင်း ရေများအဆက်မပြတ်ဝင်ရောက်နေမှုကြောင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းနှင့်တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှတပ်မတော်သားများနှင့် ပြည်သူများက ရေဘေးသင့်ပြည်သူများကို ရေလွတ်ရာနေရာများသို့ ပြောင်းရွှေ့ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိသည်။
ချောင်းရေလျှံမှုကြောင့် အမှတ်(၁)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်တို့ရှိ စုစုပေါင်းအိမ်ခြေ ၆၆၈ အိမ်ခန့်အတွင်းသို့ ရေများအဆက်မပြတ်ဝင်ရောက်လျက်ရှိပြီး မြို့နယ်မှတာဝန်ရှိသူများက ရေဘေးသင့်ပြည်သူများအား အမှတ်(၁)ရပ်ကွက် ဗုဒ္ဓရာဇာဘုန်းကြီးကျောင်း၊ ဝါဆိုဘုန်းကြီးကျောင်း၊ စွမ်ဂျာမေ့ဗလီနှင့် ရေဘေးကင်းလွတ်ရာ ဆွေမျိုးများနေအိမ်တွင် ပြောင်းရွှေနေထိုင်စေပြီး ရေသန့်နှင့်ထမင်းထုပ်များ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်