မိုင်းယုမြို့၌ မိုးအစေ့ထုတ်ပြောင်းများ ခူးဆွတ်ရောင်းချရာ ပြောင်းဈေး ယခင်နှစ်ထက် အနည်းငယ် ကျဆင်း

မိုင်းယု အောက်တိုဘာ ၄

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် တောင်သူတို့ ခူးဆွတ်ရိတ်သိမ်းပြီးသည့် မိုးဦးစိုက်အစေ့ထုတ်ပြောင်းများ ယခုနှစ် ကုန်သည်များထံ ရောင်းချရာတွင် ယခင်နှစ်က တစ်ကီလို ကျပ် ၈၁၀ ရရှိခဲ့သော်လည်း ယခုပေါက်ဈေးမှာ တစ်ကီလို ၇၈၀ ကျပ်သာရရှိလျက်ရှိကြောင်း သိရသည်။

မိုင်းယုမြို့၌ ယခင်နှစ် ၂၀၂၃ ခုနှစ် စိုက်ပျိုးခဲ့သည့် ဆောင်းရာသီစိုက် အစေ့ပြောင်းတစ်ကီလိုလျှင် ကျပ် ၈၁၀ကျော် (တရုတ်ယွမ် ၁ ဒဿမ ၈ ယွမ်)ပေါက်ဈေးအမြင့်ဆုံးထိရရှိကာ ကီလို ၅၀ ပါတစ်အိတ်လျှင် ကျပ် ၄၀၅၀၀ (တရုတ်ယွမ် ၉၀)ထိရရှိခဲ့သော်လည်း ယခု ၂၀၂၄ ခုနှစ်ထွက် မိုးအစေ့ထုတ်ပြောင်းမှာ တစ်ကီလို ကျပ် ၇၈၀ (တရုတ်ယွမ် ၁ ယွမ် ၂ ကျော့) ကီလို ၅၀ ပါ တစ်အိတ်လျှင် ကျပ် ၃၉၀၀၀(တရုတ်ယွမ် ၆၀ )ထိသာရရှိပါကြောင်းနှင့် ပြောင်းဈေးကွက်မှာ ငွေကြေးအတက်အကျများကြောင့် ပြောင်းဝယ်ယူသူများက ကီလို ၅၀ ပါတစ်အိတ်လျှင် ကျပ် ၃၉၀၀၀ (တရုတ်ယွမ် ၆၀ )ဖြင့် လိုက်ကောက်ခြင်းဖြစ်နိုင်ပါကြောင်း ပြောင်းစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

မိုင်းယုဒေသတွင် ဒေသခံတောင်သူများမှာ ပြောင်းမျိုးကို Cp.888၊ ယိုးဒယား 288၊ F.888 နှင့် Cp.222 စသည့် ယိုးဒယားမျိုးများကိုသာအဓိက စိုက်ပျိုးကြကြောင်း၊ တောင်သူတို့ မိုးအစေ့ထုတ်ပြောင်းများကို များစွာ ဦးစားပေး စိုက်ပျိုးထားလျက်ရှိပြီး ဆောင်းအစေ့ထုတ်ပြောင်းများကို အနည်းငယ်သာ စိုက်ပျိုးကြပါကြောင်းနှင့် မိုင်းယုဒေသတွင် အစေ့ထုတ်ပြောင်းကို တစ်နှစ်လျှင် မိုးနှင့် ဆောင်းရာသီသာ နှစ်ရာသီစိုက်ပျိုးလျက်ရှိကြကြောင်း သိရသည်။

ကိုကိုနိုင်