သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်  ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ပြပွဲများကျင်းပပြုလုပ်

သုံးခွ အောက်တိုဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီး‌ရေးရာတို့ပူး‌‌ပေါင်း၍ ကျောင်းသား/သူများ ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှုလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများရရှိစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးတိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ယမန်‌နေ့ နံနက် ၁၀ နာရီအချိန်က ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ပြပွဲများပြုလုပ်ခြင်းကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက ပြိုင်ပွဲများကျင်းပပြု လုပ်ရခြင်းရည်ရွယ်ချက်ကို ပြောကြားသည်။ ထို့နောက် လောကမာရဇိန်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမြရွှေက ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အကြောင်းအရာများကိုအကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ​စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ပန်းချီ(ဆေးရောင်ခြယ်)ပြိုင်ပွဲများကိုကျင်းပရာ အကောင်းဆုံးယှဥ်ပြိုင်နိုင်သူ ကျောင်းသား/သူများအား တာဝန်ရှိသူများက ဆုလက်ဆောင်များအသီးသီးပေးအပ်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသောဗဟုသုတရဖွယ်စာအုပ်စာပေများနှင့် အသိပညာပေးနံရံကပ်စာစောင်များကို ဆရာ/ဆရာမများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ကျောင်းသား/သူလေးများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။

စည်သူလင်း(ပြန်/ဆက်)