လယ်ဝေးမြို့နယ် ရုံးပင်-အေးချမ်းသာ(စစ်တောင်းမြစ်ကူးတံတား) ချဥ်းကပ်လမ်းမြစ်ရေတိုက်စားမှုနှင့် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနေမှုတို့အား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

လယ်ဝေး အောက်တိုဘာ ၄

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးမြင့်စိုးတို့သည် လယ်ဝေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇင်မင်းကိုနှင့်အဖွဲ့ဝင်များ၊ နေပြည်တော်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက လယ်ဝေးမြို့နယ် ရုံးပင်-အေးချမ်းသာ (စစ်တောင်းမြစ်ကူးတံတား)ချဥ်းကပ်လမ်း မြစ်ရေတိုက်စားမှုအား ကွင်းဆင်းကြည့်ရှု၍ လူဦးရေနှင့်အိမ်အ​ကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုအား ကြည့်ရှုအားပေးသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့်ဦးမြင့်စိုးတို့သည် လယ်ဝေးမြို့နယ် ရုံးပင်-အေးချမ်းသာ(စစ်တောင်းမြစ်ကူးတံတား)သို့ရောက်ရှိကာ မြစ်ရေတိုက်စားမှုကြောင့် ချဥ်းကပ်လမ်းပျက်စီးမှုအား ကြည့်ရှုစစ်ဆေးကာ လမ်းအသစ်ပြန်လည်ဖောက်လုပ်မည့်နေရာအား ကြည့်ရှုစစ်ဆေးရာ မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇေယျာထွန်းနှင့်ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဒေါ်ထက်ခိုင်စိုးတို့က မြစ်ကမ်းထိန်းသိမ်းရေးနှင့် လမ်းအသစ်ဖောက်လုပ်ရန် သင့်တော်သည့်နေရာများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးမြင့်စိုးတို့သည် အောင်းကုန်းကျေးရွာတွင် ၂၀၂၄-ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

လယ်ဝေးမြို့နယ်အတွင်း ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား ကောက်ကွက် ၆၇၁ ကွက် စာရင်းစစ်စာရင်းကောက် ၂၈၉ ဦးဖြင့် ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)