သထုံမြို့နယ်အတွင်းရှိ သီလရှင်စာသင်တိုက်များမှ သာသနာ့နွယ်ဝင် သီလရှင်များအား ဒုတိယအကြိမ်မြောက် စာရေးတံမဲ စုပေါင်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

သထုံ အောက်တိုဘာ ၃

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ သီလရှင်စာသင်တိုက်အသီးသီးတို့မှ စာချ၊ စာသင် သီလရှင် ဆရာကြီး/ဆရာလေး (၆၅၀)ကျော်အား ဒုတိယအကြိမ်မြောက် စာရေးတံမဲ စုပေါင်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက လိပ်အင်းရပ်ကွက်ရှိ ပဉ္စဂီရိချမ်းမြေ့စည် သီလရှင်စာသင်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

စာရေးတံမဲ ဆက်ကပ်လှူဒါန်းပူဇော်ပွဲတွင် ရှေးဦးစွာ ကြွရောက်လာကြသည့် ဧည့်ပရိတ်သတ်တို့အား စတုဒီသာအလှူတော်ဖြင့် ဧည့်ခံကျွေးမွေးကြပြီး မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဘဒ္ဒန္တ သူရိယထံမှ အနုမောဒနာတရားများနာယူကြကာ လှူဒါန်းမှုတို့အတွက် ရေစက်သွန်းချ အမျှဝေပေးခဲ့ကြသည်။

ယင်းနောက် သထုံမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများမှ စေတနာရှင်ပြည်သူတို့က သီလရှင်စာသင်တိုက်များမှ သာသနာ့နွယ်ဝင်သီလရှင် ဆရာကြီး/ဆရာလေး စုစုပေါင်း (၆၇၂)ပါးတို့အား စာရေးတံမဲနှင့် လှူဖွယ်များ စုပေါင်း ဆက်ကပ် လောင်းလှူပေးခဲ့ကြသည်။

သထုံမြို့နယ်အတွင်း ပရိယတ္တိနှင့် ပဋိပတ္တိနှစ်ဖြာကို ကြိုးစားအားထုတ်၍ သီလရှင်စာသင်တိုက်များ၌ သာသနာပြုနေကြသော စာချ၊ စာသင် သီလရှင် ဆရာကြီး/ဆရာလေးတို့ စိတ်အေးချမ်းသာစွာ သီတင်းသုံးနေထိုင်နိုင်ရေးအတွက် သထုံမြို့နယ်အတွင်းရှိ စေတနာရှင်ပြည်သူများ စုပေါင်း၍ အဆိုပါ စာရေးတံမဲလောင်းလှူခြင်းကို ပဉ္စဂီရိချမ်းမြေ့စည် သီလရှင်စာသင်တိုက်၌ ယမန်နှစ်က စတင်ပြုလုပ်ခဲ့ပြီး ယခု ဒုတိယအကြိမ်မြောက် ထပ်မံပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)