မဟာအောင်မြေမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း (၃)ရက်မြောက်နေ့ ကွင်းဆင်းကောက်ယူ

မန္တလေး အောက်တိုဘာ ၃

မန္တလေးတိုင်းဒေသကြီး၊​ မဟာအောင်မြေမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်များက အောက်တိုဘာ(၁)ရက်နေ့မှစတင်၍ ​ရပ်ကွက်များသို့ ကွင်းဆင်း၍ စတင်​ကောက်ယူလျက်ရှိကြောင်း သိရသည်။

ကွင်းဆင်းကောက်ယူရာတွင် သန်းခေါင်စာရင်းကောက်ကွက်များမှ လူဦးရေနှင့်အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် ရပ်ကွက်အတွင်းရှိအိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာအချက်အလက်များနှင့် အိမ်အကြောင်းအရာအချက်အလက်များပါဝင်သည့် အချက်အလက်(၆၈)ချက်ကို မေးမြန်းကောက်ယူနေမှုများကို မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်ဦး၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူးလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်‌ကျော်နှင့်တာဝန်ရှိသူများ၊ Volunteer အဖွဲ့များက လှည့်လည်ကြည့်ရှုအား‌ပေးခဲ့သည်။

မဟာအောင်မြေမြို့နယ်အတွင်း ရပ်ကွက်(၁၈)ရပ်ကွက်ရှိ ကောက်ကွက်(၃၇၇)ကွက်၌ စာရင်းစစ်(၃၃)ဦး၊ စာရင်းကောက်(၁၂၃)ဦးက အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ လူဦးရေနှင့်အိမ်အကြောင်းအရာကို Mobile Tablet များ အသုံးပြု၍ ကောက်ယူလျက်ရှိကြောင်း သိရသည်။

အောင်ဇော်မင်း