သထုံ အောက်တိုဘာ ၃
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကွင်းဆင်းကောက်ယူခြင်း တတိယနေ့ကို ယနေ့နံနက်ပိုင်းက ဆက်လက်ဆောင်ရွက်လျက်ရှိရာ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများမှ လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။
သန်းခေါင်စာရင်းကောက်ယူရာတွင် စာရင်းကောက်အဖွဲ့တို့က သထုံမြို့၊ လိပ်အင်းရပ်ကွက်၊ နန်းခဲရပ်ကွက်နှင့် အောက်ကျင်းရပ်ကွက်တို့ရှိ သန်းခေါင်စာရင်းကောက်ကွက်များ၌ အိမ်ထောင်စုအသီးသီးတို့၏ လူဦးရေဆိုင်ရာအချက်အလက်များ၊ အိမ်အကြောင်းအရာများ စနစ်တကျမေးမြန်းကောက်ယူကြရာ သထုံခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ သထုံတပ်နယ်မှူး ဗိုလ်မှူးကြီးအောင်အောင်ဟိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်း၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် သန်းခေါင်စာရင်းကြီးကြပ်အဖွဲ့တို့မှ လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်တို့ကို ပံ့ပိုးဆောင်ရွက်ပေးခဲ့ကြသည်။
သထုံမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအသီးသီးတို့၌ သန်းခေါင်စာရင်းကောက်ကွက်ပေါင်း ၃၃၆ ကွက်ရှိပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို အောက်တိုဘာလ ၁ ရက်နေ့မှစတင်ကာ စာရင်းစစ်၊ စာရင်းကောက် ၁၄၃ ဦးတို့မှ လိုက်လံဆောင်ရွက်လျက်ရှိရာ ယမန်နေ့အထိ အိမ်ထောင်စုပေါင်း ၂၆၇၄ စု ကောက်ယူပြီးစီးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်