ဝမ်းတွင်း အောက်တိုဘာ ၃
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝမ်းတွင်းမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများလှူဒါန်းသည့်အခမ်းအနားကို ယမန့်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရေဘေးသင့်၍သေဆုံးသွားသော ပြည်သူများအားထောက်ပံ့ငွေ၊ ရေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူများနှင့် ပုံစံ(၆၆/၆)မိတ္တူများပေးအပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြင့်သိန်းက လက်ခံယူခဲ့သည်။ ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်က ထောက်ပံ့ငွေ၊ ကယ်ဆယ်ရေးပစ္စည်းများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူများနှင့် ပုံစံ(၆၆/၆)မိတ္တူများကို ပေးအပ်ခဲ့ရာ ရေဘေးသင့်ပြည်သူများကိုယ်စား ကိုယ်စားလှယ်(၁)ဦးမှ လက်ခံရယူခဲ့သည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ မန္တလေးတိုင်းဒေသကြီး မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များမှ ဆန်၊ ဆီ၊ အဝတ်အထည်၊ ခေါက်ဆွဲခြောက်များထောက်ပံ့ပေးအပ်ခဲ့ရာ ရေဘေးသင့်ပြည်သူများကိုယ်စား အမျိုးသမီးကိုယ်စားလှယ်များက လက်ခံယူခဲ့ကြသည်။ အခမ်းအနားကို ဆက်လက်ကျင်းပရာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုးက ဆီသွတ်ဗူးများနှင့် စိုက်ပျိုးရေးသုံးဆေးဖျန်းပုံးများကိုလည်းကောင်း၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်းက ဆန်နှင့်ဆီများကို လည်းကောင်း၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်က ခေါက်ဆွဲခြောက်နှင့် မုန့်များကိုလည်းကောင်း၊ လူမှုရေးရာဝန်ကြီးဦးအောင်ကျော်မိုးက အဝတ်အထည်များကိုလည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးက နေကြာမျိုးစေ့နှင့် ကုလားပဲမျိုးစေ့များကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်းက စပါးမျိုးစေ့များကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ရာ ရေဘေးသင့်ပြည်သူများကိုယ်စား ကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြပြီး ရေဘေးသင့်ပြည်သူများကိုယ်စား ရိုးစုံကျေးရွာအုပ်စု၊ ရိုးစုံကျေးရွာမှဦးအောင်မြင့်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကာ အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများလှူဒါန်းသည့်အခမ်းအနားကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ မန္တလေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယကနှင့် အဖွဲ့ဝင်များ၊ ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ ဝမ်းတွင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြင့်သိန်းနှင့်အဖွဲ့ဝင်များ၊ ဝမ်းတွင်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရေးအသင်း ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရေဘေးသင့်ကျေးရွာများမှ ပြည်သူများ တက်ရောက်ခဲ့ကြသည်။
မြို့နယ်ပြန်/ဆက်