မဟာအောင်မြေ အောက်တိုဘာ ၃
မန္တလေးမြို့မှ ရောင်းချသော နှစ်စဉ်ရိုးရာ ရာသီကုန်ဖြစ်သည့် သီးတင်းကျွတ်မီးထွန်းပွဲတော်အတွက် ရောင်စုံမီးပုံးများ မန္တလေးဈေးကွက်နှင့် နယ်ဒေသများသို့ တင်ပို့ရောင်းချပေးလျက်ရှိနေကြောင်း သိရသည်။
အဆိုပါ မီးပုံးများနှင့် ကလေးကစားစရာ မီးပုံးများမှာ အမျိုးအစား ၁၆ မျိုးကျော်ဖြင့် ပြည်တွင်းမှရရှိသည့် ဝါးကုန်ကြမ်းများနှင့် တရုတ်ပြည်မှတင်သွင်းသော ဆေးရောင်စက္ကူများဖြင့် ထုတ်လုပ်ခြင်းဖြစ်ပြီး တစ်နှစ်ပတ်လုံး အဆင့်ဆင့်လုပ်ကိုင်၍ ဝါဆို၊ ဝါခေါင်လမှစတင်၍ နယ်ဒေသများမှ အများဆုံးတင်ပို့နေရကြောင်း မီးပုံးပြုလုပ်ရောင်းချသူ ဦးစောကြီးက ပြောကြားခဲ့သည်။
“ဒီနှစ်မှာ ကုန်ကြမ်းဈေးမြင့်တက်ပေမယ့် ပုံမှန်ဈေးနှုန်းအတိုင်း ရောင်းချလို့ အမြတ်နည်းပြီး ရောင်းအားကတော့ ကောင်းပါတယ်၊ နယ်ဒေသတွေက ကြိုတင်အမှာများပြီး မြို့ထဲမှာတော့ ပွဲတော်ရက်နီးလာမှ အဝယ်ပိုမိုများပြားတယ်၊ ဝယ်ယူသူများ အချိန်မရွေးဝယ်ယူနိုင်ရန် ရာသီချိန်မရောက်ခင်ကတည်းက အကြမ်းထည်တွေ ကြိုတင်လုပ်ထားရတယ်၊ ယခုနှစ်၌ ရောင်းချသည့် ရောင်စုံမီးပုံးများအပြင် ကလေးငယ်များ အများဆုံးကြိုက်နှစ်သက်မည့် ကာတွန်းပုံဖော်ဇာတ်ကောင်များ၊ ငါး၊ယုန်၊ လိပ်ပြာ စသည့် တိရစ္ဆာန်အရုပ်များ၊ မော်တော်ကား၊ သင်္ဘော၊ မီးရထားနှင့် လေယာဉ်များ ထုတ်လုပ်ရောင်းချကြောင်း၊ လက်ကားဈေးနှုန်းများအနေဖြင့် မီးပုံးတစ်ခုလျှင် ငွေကျပ် ၁၀၀၀ နှင့် တိရစ္ဆာန်ရုပ်များ၊ အခြားသင်္ဘော၊ အရုပ်လေယာဉ်ပျံစသည့် ရောင်စုံမီးပုံးအရုပ်များမှာ တစ်ခုလျှင် အနည်းဆုံး လက်လီ၊ လက်ကား ငွေကျပ် ၂၅ဝဝ မှ ၁၀၀၀၀ ကျော်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
“မီးပုံးတွေလုပ်ရာမှာ ဝါးခွဲခြမ်းပြီး အဆင့်ဆင့်လုပ်ဆောင်ရပါတယ်။ နောက်ဆုံးအဆင့်ကတော့ မီးပုံပေါ်မူတည်ပြီး ပန်းချီရေးဆွဲခြင်းဖြစ်ပါတယ်။ မန္တလေးမြို့ပေါ်မှာတော့ မီးထွန်းပွဲနီးမှ ဝယ်ယူကြပြီး နယ်ဒေသတွေကတော့ ကြိုပြီး ပို့ပေးရပါတယ်”ဟူ၍ သိရှိရသည်။
နှစ်စဉ် သီတင်းကျွတ်မီးထွန်းပွဲတော်သည် မြန်မာ့ရိုးရာပွဲတော်တစ်ခုဖြစ်သည့်အတွက် တစ်နှစ်ပတ်လုံးလုပ်ကိုင်ဆောင်ရွက်ရသည့် မိသားစုလုပ်ငန်းဖြစ်ကြောင်း၊ နှစ်စဉ် ဘိုး၊ ဘွား လက်ထက်ကတည်းက မပျက်ထုတ်လုပ်ရောင်းချခဲ့သည်မှာ နှစ်ပေါင်း ၄၅ နှစ်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။
အောင်ဇော်မင်း