မြောက်ဥက္ကလာပ အောက်တိုဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအား မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်များက မြို့နယ်အတွင်းရှိ သန်းခေါင်စာရင်းကောက်ကွက်များတွင် ယမန်နေ့က ဆက်လက်ကွင်းဆင်းကောက်ယူမှုများကို ဆောင်ရွက်ခဲ့သည်။
ထိုသို့ သန်းခေါင်စာရင်းကောက်ကွက်များတွင် လူဦးရေနှင့်အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် ရပ်ကွက်အတွင်း အိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာအချက်အလက်များနှင့် အိမ်အကြောင်းအရာများကို အချက်အလက်(၆၈)ချက်မေးမြန်းကာ Mobile Tablet များဖြင့် အဆင့်မြင့်နည်းပညာများကို အသုံးချကာကောက်ယူလျက်ရှိပြီး ယမန်နေ့က မြောက်ဥက္ကလာပမြို့နယ် အမှတ်(၂)ရပ်ကွက် သုဇီတာ(၂)လမ်းနှင့်(င)ရပ်ကွက်၊ သန္တာ ၁၁ လမ်းတို့အား စာရင်းကောက်ယူရေးအဖွဲ့များက ဆက်လက်ကောက်ယူလျက်ရှိရာ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုများကို လူဦးရေနှင့်အိမ်အကြောင်းအရာ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးကျော်သက်ခိုင်၊ ခရိုင်စီမံအဖွဲ့၀င်(၁)ဒုတိယဗိုလ်မှူးကြီး ဖြိုးအောင်ဟိန်း၊ လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာန ခရိုင်ဦးစီးမှူးအေးခိုင်အုန်း၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦအောင်လောဟာနှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးဦးစံသိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီများ လှည့်လည်ကြည့်ရှုအားပေးကြကြောင်း သိရသည်။
အဆိုပါ သန်းခေါင်စာရင်းကောက်ယူရာတွင် မြောက်ဥက္ကလာပမြို့နယ်အတွင်း ရပ်ကွက် ၁၉ စု၊ ကောက်ကွက်ပေါင်း ၆၃၀ ကွက်တို့၌ စာရင်းစစ် ၅၃ ဦး၊ စာရင်းကောက် ၂၂၁ ဦး၊ စေတနာ့၀န်ထမ်း ၈၁ ဦးတို့က Mobile Tablet များအသုံးပြု၍ တစ်အိမ်တက်ဆင်းစနစ်ဖြင့် စနစ်တကျစာရင်းကောက်ယူလျက်ရှိကြောင်း သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန် (ပြန်/ဆက်)