မိုင်းကိုင်မြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း စတင်ဆောင်ရွက်

မိုင်းကိုင် အောက်တိုဘာ ၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို  အောက်တိုဘာ (၁)ရက်နေ့ နံနက်ပိုင်းမှစ၍ စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များဖြင့် မြေပြင်ကွင်းဆင်းကာ စတင်ကောက်ယူလျက်ရှိရာ မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူးနှင့် ကော်မတီဝင်များက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ကူညီပံ့ပို့ပေးခဲ့သည်။

ထိုသို့စာရင်းကောက်ယူရာတွင် မြို့ပေါ်ရပ်ကွက် ၅ ခု၊ ကောက်ကွက်ပေါင်း ၁၈ ကွက်ရှိ အိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာအချက်အလက်များနှင့် အိမ်အကြောင်းအရာအချက်အလက် (၆၈)ချက်တို့ကို စာရင်းစစ် ၁၉ ဦး၊ စာရင်းကောက် ၃၆ ဦးတို့က မေးမြန်း၍ Mobile Tablet များအသုံးပြုကာ တစ်အိမ်တက်ဆင်းစနစ်ဖြင့်  စနစ်တကျကောက်ယူသွားမည်ဖြစ်သည်။

အဆိုပါ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် မြန်မာနိုင်ငံ၏ တိကျမှန်ကန်သောလူဦးရေနှင့်လူမှုစီးပွားဆိုင်ရာ စာရင်းအင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီစဉ်ဆက်မပြတ်ရရှိရန်နှင့် လိုအပ်သောမူဝါဒ၊ စီမံကိန်း၊ မဟာဗျူ၊ နည်းဗျူဟာများ ချမှတ်နိုင်ရန်ရည်ရွယ်၍ စက်တင်ဘာလ ၃၀ ရက်နေ့  ညသန်းခေါင်ယံအချိန်ကို သန်းခေါင်စာရင်းရည်ညွှန်းချိန် အဖြစ်သတ်မှတ်၍ မြန်မာတစ်နိုင်ငံလုံး တပြိုင်နက်တည်း ကောက်ယူ သွားမည်ဖြစ်ကြောင်း သိရသည်။

ချော(မိုင်းကိုင်)