ရမည်းသင်း အောက်တိုဘာ ၃
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါလျက် ရမည်းသင်း ခရိုင်အတွင်း ရေဘေးသင့်အိမ်ထောင်စုများနှင့် ရေဘေးသင့်ပျက်စီးသည့် လယ်ယာမြေများအချိန်မီ စိုက်ပျိုးနိုင်ရေးမျိုးစပါး၊ နေကြာမျိုးစေ့နှင့်သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ရမည်းသင်းမြို့ သီလဝခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ်ကရေဘေးသင့်ပြည်သူများကို အားပေးစကားပြောကြားပြီး၊ ရမည်းသင်း မြို့နယ်၌ ရေဘေးသင့်သေဆုံးသူ(၁၀၁)ဦးနှင့် ပျော်ဘွယ်မြို့နယ်၌ ရေဘေးသင့်သေးဆုံးသူ (၁၆) ဦးအတွက် ထောက်ပံ့ငွေများပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ေရးအဖွဲ့ဥက္ကဋ္ဌတို့က လက်ခံရယူကြသည်။
ဆက်လက်၍ ဝန်ကြီးချုပ်သည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့်ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါပစ္စည်းပုံးအား ရေဘေးသင့်ပြည်သူများထံပေးအပ်ပြီး တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက က ဆန်၊ ဆီ၊ ဆီသွပ်ဘူးတို့ကိုလည်းကောင်း၊ တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက် မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌက ရမည်းသင်းမြို့နယ်နှင့်ပျော်ဘွယ်မြို့နယ်တို့မှ ရေဘေးသင့်ပြည်သူများအား အဝတ်အထည်များကိုလည်းကောင်း ထောက်ပံ့ပေးအပ်ပြီးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးက ရေဘေးသင့်ပျက်စီးသည့် လယ်မြေများ အချိန်မီစိုက်ပျိုးနိုင်ရေးရက် ၉၀ စပါးမျိုးစေ့အိတ်များကိုလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်းက သဘာဝရွက်ဖန်းမြေဩဇာအိတ်များကိုလည်းကောင်း၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင် ကစင်ရွှေကြာ-၂ နေကြာမျိုးစေ့အိတ်များကိုလည်းကောင်း၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးက ရေဘေးသင့်မှုကြောင့်ဆုံးရှုံးခဲ့သည့် နိုင်ငံသားစိစစ်ရေးကပ်နှင့် အိမ်ထောင်စုပုံစံ ၆၆ ကိုလည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးက ပိုက်ဆံလျော် မျိုးစေ့အိတ်များကိုလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်အတွင်းရေးမှူး ဦးဝေဇင်ထွန်းက စိုက်ပျိုးရေးသုံးဆေးနှင့် ဆေးဖျန်းပုံးတို့ကိုလည်းကောင်း ရေဘေးသင့်တောင်သူများထံ အသီးသီး ပေးအပ်ခဲ့ရာရေဘေးသင့်ပြည်သူဦးပြားမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်က ရေဘေးသင့်ပြည်သူများ ကျန်းမာရေးဂရုပြုရန်နှင့် အစားအသောက်များ ဘေးဉပတ်မရှိစေရန် ပူနွေးသည့်အစာများကို စားသုံးကြရန်၊ သဘာဝဘေးရှောင်လွဲမရသဖြင့် ထိခိုက်ပျက်စီးမှုများ အချိန်မီအစားထိုး စိုက်ပျိုးနိုင်ရန်အခမဲ့ထောက်ပံ့ပေးခြင်းနှင့်ရေဘေးသင့်ခဲ့သည့် အိမ်ထောင်စုများအနေဖြင့် သန်းခေါင်းစာရင်းကောက်ယူချိန် အမျိုးသားရေးတာဝန်အဖြစ် ပူးပေါင်းဆောင်ရွက်ရန် ပြောကြားသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)