စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) ပညာပေးဟောပြောပွဲ ဟိုပုံးမြို့နယ်၌ ကျင်းပ

ဟိုပုံး   ဇန်နဝါရီ   ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စု၊ သက်သာကျေးရွာတွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) ပညာပေးဟောပြောပွဲကို  ယမန်နေ့နံနက် (၁၀) နာရီက သက်သာကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူက အဖွင့် အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခွန်ကျော်သိန်းမှ ကျေးရွာအတွင်း စိုက်ပျိုးရေး၊ ပညာရေးနှင့် ပတ်သက်သောအကြောင်းအရာများကို လည်းကောင်း၊  မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခင်မောင်သိန်းမှ ဆောင်းသီးနှံကုလားပဲနှင့် စပါးမျိုးကောင်း၊ မျိုးသန့်များ စိုက်ပျိုးရေးဆိုင်ရာအသိပညာများကို လည်းကောင်း၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထျာရယ်မှ စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြသည့် ကျေးရွာသူ/သားများ၊ စိုက်ပျိုးတောင်သူများ သီးနှံအထွက်နှုန်းနှင့် အရည်အသွေး တိုးတက်ကောင်းမွန်ရေး၊ ကျေးလက်နေ ပြည်သူများ မိသားစုဝင်ငွေများ ပိုမိုတိုးပွားလာပြီး လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရေးကိုလည်းကောင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးဝင်းမှ ပညာရေးဆိုင်ရာ အသိပညာများကို လည်းကောင်း အသီးသီး ဟောပြောခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခိုင်သန္တာလင်းမှ သနပ်ဖက်ပင်များကို ဆေးဖြန်းရာတွင် ဆေးများကို စနစ်တကျ အသုံးပြုတတ်စေရန်၊ ဆေးဖြန်းရာတွင် အကာအကွယ်ပစ္စည်းများကိုလည်း အသုံးပြုကြစေရန်နှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒေါက်တာသိန်းစိုးမှ မွေးမြူရေးဆိုင်ရာတွင် ဖြစ်တတ်သော ရောဂါလက္ခဏာများ အကြောင်းကိုလည်းကောင်း  ဟောပြောခဲ့ကြကြောင်း သိရသည်။

နေမင်းထွန်း(ပြန်/ဆက်)