နေပြည်တော် အောက်တိုဘာ ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းဆောင်ရွက်မည့် စက်ချုပ်နည်းပညာသင်တန်းနှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ (၃) ရက်နေ့နံနက် ၁၀ နာရီအချိန်က Incubation Center ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် စီမံကိန်းလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမင်းဦးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်စိုးမမဌေးက ကျေးရွာ (၂) ရွာမှ စီမံကိန်းကော်မတီဝင်များအား စီမံကိန်းဝတ်စုံများပေးအပ်သည်။ ယင်းနောက် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့သည်။
ဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းအတွက် လယ်ဝေးမြို့နယ်၊ သပြေပင်ကျေးရွာမှာ စက်ချုပ်နည်းပညာသင်တန်းကို အောက်တိုဘာလ ၁ ရက်မှ နိုဝင်ဘာလ ၄ ရက်ထိ သင်တန်းသား (၁၀) ဦးဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ပုဗ္ဗသီရိမြို့နယ်၊ ဆင်ဖြူရှင်ရပ်ကွက်တွင် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းကို အောက်တိုဘာလ ၁ ရက်မှ ၇ ရက်ထိ သင်တန်းသား (၁၅)ဦးဖြင့် ဖွင့်လှစ်ပို့ချသွားမည်ဖြစ်သည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာ(၁၄)ရွာမှာ ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်လာနိုင်သည်အထိ အသက်မွေးဝမ်းကျောင်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးပြီး လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ အသေးစားကုန်ထုတ်လုပ်ငန်းရှင် (၇၀) ဦးကို လုပ်ငန်းထူထောင်ပေးနိုင်မည်ဖြစ်ကြောင်း၊ လာမည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အတွင်းတွင်လည်း နေပြည်တော်ကောင်စီနယ်မြေအတွင်း ရာဂီမုန်တိုင်းဒဏ်ကြောင့် သဘာဝဘေးဒဏ်သင့်ခဲ့ရသည့် ကျေးရွာများကို ဦးစားပေးပြီး လုပ်ငန်းများပြန်လည်ထူထောင်နိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)