ဇမ္ဗူသီရိမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်း စတင်ကောက်ယူ

ဇမ္ဗူသီရိ အောက်တိုဘာ ၃

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူရေးလုပ်ငန်းကို အောက်တိုဘာလ ၁ ရက်နေ့ နံနက်မှစ၍ စတင်ဆောင်ရွက်ရာ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများတွင် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက ကွင်းဆင်းကောက်ယူ ဆောင်ရွက်လျက်ရှိသည်။

မြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူရေး ဆောင်ရွက်နေမှုများအား မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးဦးထင်လတ်နှင့်တာဝန်ရှိသူများက အဖွဲ့များခွဲ၍ ကြီးကြပ်ဆောင်ရွက် ပေးကြသည်။

ထိုသို့ ကွင်းဆင်းကောက်ယူရာတွင် စာရင်းကောက်များက လူဦးရေနှင့်အိမ်အကြောင်းအရာများ တိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် အိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာအချက်အလက်များနှင့် အိမ်အကြောင်းအရာများကို မေးမြန်းကောက်ယူလျက်ရှိပြီး ဇမ္ဗူသီရိမြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ကွက်ပေါင်း(၂၇၃)ကွက်ရှိရာ စာရင်းစစ်၊ စာရင်းကောက်(၁၁၁)ဦးဖြင့် လိုက်လံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဟိန်းသူအောင် (ပြန်/ဆက်)