ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ဒုတိယနေ့ ဆက်လက်ကောက်ယူ

ဆိပ်ကြီးခနောင်တို အောက်တိုဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း (ဒုတိယ)နေ့ စာရင်းကောက်ယူခြင်းကို ယမန်နေ့နံနက် ၇ နာရီမှစ၍ ဆိပ်ကြီးခနောင်တိုမြို့နယ် ဆိပ်ကြီးအရှေ့ရပ်ကွက်တွင်စာရင်းကောက်အဖွဲ့များမှ Mobile Tablet များအသုံးပြု၍ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင် စာရင်းများကောက်ယူရာတွင် အောက်တိုဘာ ၂ ရက် (ဒုတိယ)နေ့အထိ မြို့နယ်အတွင်းရှိ အိမ်ထောင်စု ၁၃၃၂ စု၊ လူဦးရေ ၅၃၂၃ ဦးအား စာရင်း ကောက်ယူထားပြီးဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

အဆိုပါ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာသို့ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေး၍ စာရင်းကောက်ယူရာတွင် ရပ်ကွက်အတွင်း နေအိမ်နှင့်လူဦးရေများ ကျန်ရှိမှုမဖြစ်စေရေးဂရုပြုဆောင်ရွက်ရန် မှာကြားခဲ့ပြီး၊ မြို့မိမြို့ဖများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များ၊ မီးသတ်နှင့်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝေယံ (ပြန်/ဆက်)