အင်းစိန် အောက်တိုဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကွင်းဆင်းကောက်ယူခြင်းကို အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းကစတင်ကာ အင်းစိန်မြို့နယ်၊ ကမ်းနားအနောက်ရပ်ကွက်နှင့် ကမ်းနားအလယ်ရပ်ကွက်တို့တွင် စတင်စာရင်းကောက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ ကွင်းဆင်းကောက်ယူရာတွင် အင်းစိန်မြို့နယ်၊ သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ၏ကြီးကြပ်မှုဖြင့် သန်းခေါင်စာရင်းမြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက်များသည် လူဦးရေနှင့်အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာရရှိနိုင်ရေးအတွက်အချက်အလက်များ မေးမြန်းကောက်ယူနေမှုများကို အင်းစိန်ခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမင်းဆွေ၊ အင်းစိန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့မရဲစခန်းမှူး ဒု-ရဲမှူးဦးမောင်မောင်အေး၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးကျော်ဇင်လတ်၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးဦးဝင်းနိုင်နှင့်တာဝန်ရှိသူများက လှည့်လည်အားပေးကြည့်ရှုခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းကောက်ယူရာတွင် ကျန်ရှိနေသော ရပ်ကွက်များကို အောက်တိုဘာလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ နေအိမ်များသို့ လိုက်လံကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)