ဟိုပုံး အောက်တိုဘာ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နှစ်(၆၀) ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ အဓိကရည်မှန်းချက် တာဝန်(၄)ရပ်ဖြစ်တဲ့ ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒီရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဆောင်ရွက်တဲ့နေရာမှာဖြတ်သန်းခဲ့ရတဲ့ နှစ်ပေါင်း(၆၀)အတွင်း အတွေ့အကြုံတွေအပေါ်မှာအခြေခံပြီး လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုအခြေအနေ၊ နိုင်ငံတကာရဲ့ တိုးတက် ပြောင်းလဲမှုအခြေအနေတွေနဲ့အညီ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်စောင့် ရှောက်သွားကြရန်လိုအပ်ကြောင်း၊ လက်ရှိအခြေအနေမှာမြန်မာနိုင်ငံအနေနဲ့ တိုးတက်လာတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများနှင့်အတူ ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာလှပရေး အပေါ်မှာလည်း အန္တရာယ်ပြုမည့်စိန်ခေါ်မှုအသစ်နဲ့ ကြုံတွေ့နေရတာကို တွေ့ရမှာဖြစ်ကြောင်း၊ ဒါတွေကတော့ အကြမ်းဖက်အဖွဲ့အစည်းအချိုရဲ့ ခြိမ်းခြောက်မှုအန္တရာယ်၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ Cyber Crime များနဲ့ အဆင့်မြင့် ပြစ်မှုကျူးလွန်မှုများစသည့်တို့ပဲဖြစ်ပါကြောင်း၊ ဒီလိုစိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ပြည်တွင်းလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးတာဝန်များကို စွမ်းရည်ပြည့်ဝစွာဖြင့် စွမ်းစွမ်းတမံထူးချွန် ထက်မြက်စွာ ထမ်းဆောင်သွားဖို့လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရဲကွပ်ကဲမှုအဖွဲမှူးရုံးမှ ဒုတိယရဲမှူးကြီး သန်းဌေးအောင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ထံမှ ပေးပို့သည့်သဝဏ်လွှာကို ဖတ်ကြားသည်။
ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက အမှုနှင့် မှုခင်းဖော်ထုတ်ဖမ်းဆီးမှု စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သော ဆီဆိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်ကျော်၊ ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ်အောင်သူစိုး၊ ပင်လောင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူး ခိုင်လင်းတို့ကို ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ်သိန်းနိုင်က မှုခင်းတရားစွဲတင်ရာနှုန်းအများဆုံးရရှိခဲ့သော ပထမဆုရရှိခဲ့သည့် ပင်လောင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်ဝင်းနိုင်၊ ဒုတိယဆုရရှိခဲ့သည့် ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးအောင်၊ တတိယဆုရရှိခဲ့သည့် ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်ကျော်တို့ကို ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်နှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ပေးပို့လာသည့် ရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် Video Clip ကြည့်ရှုခဲ့ပြီးနောက် နှစ်(၆၀)ပြည့်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့တွင် ခင်းကျင်းပြသထားသည့် ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးဆောင်ရွက်မှု၊ တရားဥပဒေစိုးမိုးရေးဆောင်ရွက်မှု၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆောင်ရွက်မှု၊ ဒေသဖွံဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်နေမှုမှတ်တမ်း ဓာတ်ပုံများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)