တောင်ကြီးမြို့၌ နှစ်(၆၀) ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ကျင်းပ

တောင်ကြီး  အောက်တိုဘာ   ၂

နှစ် (၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ယမန်နေ့နံနက်(၉)နာရီက တောင်ကြီးမြို့၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (SSSCCI) ခန်းမ၌ ကျင်းပခဲ့သည်။

နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က မိမိတို့၏ လုပ် ပိုင်ခွင့်များ၊ လုပ်ငန်းကျွမ်းကျင်မှုများနှင့်အတူ ဥပဒေကို ကိုင်တွယ်အသုံးပြုရာတွင် ပွင့်လင်းမြင်သာပြီး တာဝန်ယူမှု၊ တာဝန်ခံမှုပြုနိုင်သည့် ရဲတပ်ဖွဲ့ကောင်းများဖြစ်အောင် လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြောင့်မတ်တည်ကြည်မှန်ကန်စွာ အဂတိကင်းအောင်အလေးထား ဆောင်ရွက်သွားကြရန်၊ ပြည်သူလူထု၏အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရာတွင်လည်း ရဲလုပ်ငန်းကျွမ်းကျင်မှု၊ ရိုးသားဖြောင့်မတ်မှု၊ သမာသမတ်ရှိမှုနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးကို ရည်မှန်းပြီး နိုင်ငံတော်နှင့် ပြည်သူအကျိုးပြုရသည့် မိမိအလုပ်ကို တန်ဖိုးထားဂုဏ်ယူစွာ ကြိုးပမ်းလုပ်ဆောင်သွားကြရန်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ချမှတ်ပေးထားသည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရင်း ရဲစည်းကမ်း၊ ရဲကျင့်ဝတ်များနှင့်အညီ စံပြပြုမှု ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အပေါ် ပြည်သူလူထုတစ်ရပ်လုံးက လေးစားအားကိုး ရလောက်သည့် ဥပဒေဘက်တော်သားများ ဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းမင်းသိန်းက ရဲချုပ်၏သဝဏ်လွှာအား ဖတ်ကြားသည်။   ထို့နောက် ဆုရတပ်ဖွဲ့ဝင်များအား ဆုချီးမြှင့်ရာ ရဲဗလတံဆိပ်ရရှိသူ တပ်ဖွဲ့ဝင်အား ဂုဏ်ထူးဆောင်လက်မှတ်နှင့်ဂုဏ်ပြုငွေ၊ တစ်ဆင့်မြင့်ရာထူး ရရှိသူတပ်ဖွဲ့ဝင်အား ဂုဏ်ထူးဆောင်လက်မှတ်နှင့်ဂုဏ်ပြုငွေ၊ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့နှင့်  လက်ရုံးတပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်(၁၀၃၁)ဦးအတွက် ဂုဏ်ပြုငွေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပေးအပ်ရာ ဆုရရှိသူတပ်ဖွဲ့ဝင်များနှင့် အမှတ်(၄)ရဲလေ့ကျင့်ရေးသင်တန်း ကျောင်းအုပ်ကြီး ရဲမှူးကြီးနန္ဒဝင်းတို့က လက်ခံရယူကြသည်။

၎င်းနောက် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး၏ အမှုထမ်းကောင်းလက်မှတ်ရရှိသူ တပ်ဖွဲ့ဝင်၊ ရဲဗလတံဆိပ်ရရှိသူ တပ်ဖွဲ့ဝင်၊ တစ်ဆင့်မြင့်ရာထူးရရှိသူ တပ်ဖွဲ့ဝင်များကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်က ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်၍လည်းကောင်း၊ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး၏ အမှုထမ်းကောင်းလက်မှတ်ရရှိသူ တပ်ဖွဲ့ဝင်နှင့်ရဲဗလတံဆိပ် ရရှိသူတပ်ဖွဲ့ဝင်၊ တစ်ဆင့်မြင့် ရာထူးရရှိသည့် တပ်ဖွဲ့ဝင်များကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ်ဗိုလ်မှူးကြီးစိန်မြင့်က ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်၍လည်းကောင်း၊ ရဲဗလတံဆိပ်ရတပ်ဖွဲ့ဝင်၊ တစ်ဆင့်မြှင့် ရာထူးရတပ်ဖွဲ့ဝင်၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲမှူး၏ အမှုထမ်းကောင်းလက်မှတ်ရရှိသည့် တပ်ဖွဲ့ဝင်များကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးစိန်ဝင်း၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးချုပ်ဝင်းမင်းသိန်းတို့က ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ပြုငွေအသီးသီး ဂုဏ်ပြုချီးမြှင့်ပေးကြသည်။

ယင်းနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် Video Clip ပြသ၍ ဆုရရှိသည့်တပ်ဖွဲ့ဝင်များနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်ပြခန်းများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)