တောင်ကြီး အောက်တိုဘာ ၂
၂၀၂၄ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက်ကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ခရစ်ကက်ပြိုင်ပွဲဆုချီးမြှင့်ပွဲကို စက်တင်ဘာ(၃၀)ရက် ညနေ့(၄)နာရီက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။
ဆုချီးမြှင့်ပွဲတွင် အမျိုးသားဗိုလ်လုပွဲအဖြစ် တောင်ကြီးမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းနှင့် ရွာငံမြို့ မြင်းကျဒိုးအခြေခံပညာအထက်တန်းကျောင်းတို့ ယှဉ်ပြိုင်ကစားကြရာ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ အနိုင်ရရှိပြီး ခရစ်ကက်ယှဉ်ပြိုင်ကစားနေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူများ၊ ကျောင်းသား၊ ကျောင်းသူများ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ SPIRIT OF CRICKET ဆုရရှိသော အ.ထ.က (ဟိုပုံး) အမျိုးသမီးအသင်းအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော်ထွန်းက ဆုချီးမြှင့်ပေး၍လည်းကောင်း၊ SPIRIT OF CRICKET ဆုရရှိသော အ.ထ.က (ရွှေညောင်) အမျိုးသားအသင်းအား ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံက ဆုချီးမြှင့်ပေး၍လည်းကောင်း၊ တတိယဆုရရှိသော အ.ထ.က-၃ (တောင်ကြီး) အမျိုးသမီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီးဦးအောင်ကြည်ဝင်းကလည်းကောင်း၊ တတိယဆုရရှိသော အ.ထ.က (ပင်းတယ) အမျိုးသားအသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်ကလည်ကောင်း၊ ဒုတိယဆုရရှိသော အ.ထ.က(၂)တောင်ကြီး အမျိုးသမီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်လူမှုရေးရာ ဝန်ကြီးဦးမင်းမင်းလွင်က လည်းကောင်း၊ ဒုတိယဆုရရှိသော အ.ထ.က(မြင်းကျဒိုး) အမျိုးသားအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုကို ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်ကလည်းကောင်း၊ အမျိုးသမီးပထမဆုရရှိသော အ.ထ.က(ပင်းတယ)အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ် စီပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်ကလည်းကောင်း၊ အမျိုးသားပထမဆု ရရှိသော အ.ထ.က(၂)တောင်ကြီး အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုကို ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းကလည်းကောင်း၊ အမျိုးသားပထမဆုရရှိသော အ.ထ.က(၂)တောင်ကြီးအသင်းနှင့် အမျိုးသမီး ပထမဆုရရှိသော အ.ထ.ကပင်းတယအသင်းတို့အား ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ဆုဖလားများ ချီးမြှင့်ပေးကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)