အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ (International Day of Older Persons 2024) တောင်ကြီးမြို့၌ ကျင်းပ

တောင်ကြီး       အောက်တိုဘာ ၂

၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ (International Day of Older Persons 2024) ကို ယမန်နေ့နံနက်(၁၀) နာရီက တောင်ကြီးမြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၊ စိန်မြင်းမိုရ်ခန်းမ၌ ကျင်းပသည်။

ဦးစွာ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့တွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဦးအောင်အောင်က နိုင်ငံတော်အစိုးရအနေဖြင့် သက်ကြီးဘိုးဘွားများ၏ နိုင်ငံတော်အပေါ် အကျိုးပြုခဲ့သည့် စွမ်းဆောင်ရည် အတွေ့အကြုံများကို ဂုဏ်ပြုသောအားဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစပြီး အသက်(၉၀)နှစ်နှင့်အထက် ဘိုးဘွားများကို တစ်လလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် ထောက်ပံ့ပေးခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှစတင်ကာ အသက်(၈၅)နှစ်အထိ တိုးမြှင့်ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ယနေ့အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တောင်ကြီးမြို့ပေါ်ရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား(၄၆၆)ဦးအား တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် စုစုပေါင်းကျပ်(၁၃.၉၈)သန်းအား လှူဒါန်းထောက်ပံ့သွားမည်ဖြစ်ကြောင်း၊ ဘိုးဘွားများဖြတ်သန်း ကြုံတွေ့လာရသည့် အတွေ့အကြုံများ၊ ပညာများသည် အနာဂတ်မျိုးဆက်သစ်အတွက် တန်ဖိုးမဖြတ်နိုင်သည့်အရာဖြစ်ပြီး အတွေ့အကြုံနှင့်ပညာများကို လက်ဆင့်ကမ်းမျှဝေပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသည်။              

ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် ဇနီးဒေါ်ညိုမီစော၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က ဘိုးဘွားများအား ဂုဏ်ပြုပူဇော်ကန်တော့ငွေများ လှူဒါန်းပေးကြပြီး အဘိုး၊ အဘွားများ ကိုယ်စား အဘွားဒေါ်သင်းသင်းက ဆုတောင်းမေတ္တာပို့သပေးကြောင်းသိရသည်။

အဆိုပါ အောက်တိုဘာ (၁) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားတွင် တောင်ကြီးမြို့ပေါ် (၂၂) ရပ်ကွက်အတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက်စာရင်းရှိ အဘိုး (၁၅၁) ဦး၊ အဘွား (၃၀၉) ဦး စုစုပေါင်း (၄၆၀)ဦးရှိပြီး ယနေ့အခမ်းအနားတွင် တက်ရောက်သည့် အဘိုး (၁၆) ဦး၊ အဘွား (၁၅) ဦး စုစုပေါင်း (၃၁) ဦးတက်ရောက်ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)