မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပ

ချမ်အေးသာစံ  အောက်တိုဘာ  ၂

မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို အောက်တိုဘာလ(၁)ရက်နေ့ နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ ရဲသူရိန် ခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တိုင်းဦးစီးချုပ်၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ ရဲမှူးချုပ်စိန်လွင်နှင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့် သီးခြားတပ်ဖွဲ့တို့မှ ရဲအရာရှိကြီးများ၊ ခရိုင်/ မြို့နယ် ရဲတပ်ဖွဲ့မှူးများ၊ အငြိမ်းစားရဲအရာရှိကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုစကား ပြောကြားပြီးနောက် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ ရဲမှူးချုပ်စိန်လွင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်ထံကပေးပို့သည့် သဝဏ်လွှာအားဖတ်ကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ်နှင့် အစိုးရအဖွဲ့ဝင် တိုင်းဒေသကြီးဥပဒေချုပ်တို့က တစ်ဆင့်မြင့်ရာထူးတိုးဆုရရှိသူများနှင့် အမှုထမ်းကောင်းဆု ရရှိသူများကို ချီးမြှင့်ပေးပြီးနောက် ချောင်ချောင်ရွှေဆိုင်မိသားစုက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ငွေကျပ်သိန်း ၁၅၀၀ ကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့လည်းကောင်း၊ နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသည့်အနေဖြင့်  ငွေကျပ်သိန်း ၁၂၅၀ ကို ရဲမှူးချုပ်ထံသို့လည်းကောင်း ပေးအပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ရဲမှူးချုပ်တို့က လက်ခံ၍ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နေ့အထိမ်းအမှတ် ပြသသည့် Video Clipနှင့် ပြခန်းများအား ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် အခမ်းအနား ဒုတိယပိုင်းကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

ထွန်းထွန်းနိုင်