မန္တလေးမြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူ

ချမ်းအေးသာစံ  အောက်တိုဘာ ၂

၂၀၂၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ မန္တလေးတိုင်းဒေသကြီးတွင် တစ်ချိန်တည်း တစ်ပြိုင်တည်း စုစည်းညီညာစွာဖြင့် ကောက်ယူလျက်ရှိကြသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် မထပ်မကျန် အမှန်ဖြစ်စေရေး ဦးတည်လျက် လူတန်းစားအလွှာအသီးသီး အဖွဲ့အစည်းအသီးသီးတို့မှ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြသကဲ့သို့ တာဝန်ရှိသူများမှလည်း လှည့်လည်ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိသည်။

အောက်တိုဘာ ၁ ရက် နံနက် ၇ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ မန္တလေးတိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၏ နေအိမ်တွင် သန်းခေါင်စာရင်းများ ကောက်ယူခဲ့ကြသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် တိုင်းဒေသကြီးသန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ခရိုင်၊ မြို့နယ် သန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အထောက်အကူပြုအဖွဲ့များ လိုက်ပါပြီး တာဝန်ကျ စာရင်းကောက် ဆရာမက သန်းခေါင်စာရင်း မေးခွန်း ၆၈ ချက် မေးမြန်းမှုအပေါ် ဝန်ကြီးချုပ်က ပြန်လည်ဖြေကြားခဲ့သည်။

ယနေ့မွန်းလွဲပိုင်း၌ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တာဝန်ရှိသူများလိုက်ပါပြီး အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်နှင့် မဟာအောင်မြေမြို့နယ်များရှိ နေအိမ်များတွင် သန်းခေါင်စာရင်း ကောက်ယူနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

ထွန်းထွန်းနိုင်