နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနေမှုအခြေအနေများ၊ ပျဉ်းမနားမြို့နယ်၊ ကျွန်းဦးကျေးရွာအတွင်း ရေဝင်ရောက်ခဲ့မှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

နေပြည်တော် အောက်တိုဘာ ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို စာရင်းစစ်၊ စာရင်းကောက်များက ယနေ့နံနက်ပိုင်းမှစ၍ ကောက်ကွက်များအလိုက် တစ်အိမ်တက်ဆင်း ကောက်ယူလျက်ရှိရာ မွန်းလွဲပိုင်းတွင် နေပြည်တော်သန်းခေါင် စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော် ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ရွှေကြာပင်ရပ်ကွက်နှင့် သပြေကုန်းရပ်ကွက်အတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို စာရင်းစစ်၊ စာရင်းကောက်များက သန်းခေါင်စာရင်းကောက်ယူနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုအားပေးသည်။

ကြည့်ရှုအားပေးစဉ် တာဝန်ရှိသူများက သန်းခေါင်စာရင်းကောက်ယူနေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ ရပ်ကွက်များအတွင်း ရေစီးရေလာကောင်းမွန်စေရေး၊ သန့်ရှင်းသာယာလှပရေး၊ လမ်းများ ပေါက်ပြဲနေမှုများကို အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ရေးနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားပြီး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ ကျွန်းဦးကျေးရွာအုပ်စု၊ ကျွန်းဦးကျေးရွာတွင် ရေကြီးရေလျှံမှုကြောင့် ကျေးရွာအတွင်း ရေများဝင်ရောက်ခဲ့မှုအခြေအနေများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တစ်နာရီလျှင် ရေဂါလံ ၈၀၀ ထွက်ရှိသည့် ရေသန့်စင်စက်ဖြင့် ကျေးရွာအတွင်း သောက်သုံးရေဖြန့်ဝေပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများက ကျေးရွာအတွင်း ရေဝင်ရောက်ခဲ့မှုနှင့် ပတ်သက်၍ ရေများပြန်လည်ထွက်ရှိအောင် ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ကျေးရွာအတွင်း ရေစီးရေလာ ကောင်းမွန်စေရေး၊ ရေစီးလမ်းကြောင်းများ ရေထုတ်ပြွန်များမှ ရေများပြန်လည်စီးဆင်းနိုင်စေရေး၊ အမှိုက်များ၊ ဒိုက်များ ဖယ်ရှားရှင်းလင်းရေးတို့ကို အမြန်ဆုံးဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)