မော်လမြိုင် အောက်တိုဘာ ၂
မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးတွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းများကို အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ကောက်ယူလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဝင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများသည် မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက်အတွင်း သန်းခေါင်စာရင်းကောက်ကွက် (၃၄)ကွက်တို့၌ သက်ဆိုင်ရာဌာနများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ စာရင်းစစ်၊ စာရင်းကောက်များမှ တစ်အိမ်တက်ဆင်း လူဦးရေဆိုင်ရာအချက်အလက်နှင့် အိမ်အကြောင်းအရာဆိုင်ရာ အချက်အလက်များ ကောက်ယူနေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းစဉ်များကို သတ်မှတ်ကာလအတိုင်း ပြီးမြောက်အောင်မြင်ရေးအတွက် အမျိုးသားရေး တာဝန်အဖြစ်ခံယူကာ အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့မှု ရှိစေရေး လိုအပ်သည်များကို ဆောင်ရွက်ပေးခဲ့သည်။
မော်လမြိုင်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ရပ်ကွက်/ကျေးရွာအသီးသီးတို့၌ သန်းခေါင်စာရင်းကောက်ကွက်ပေါင်း (၅၀၅) ကွက်ကို စာရင်းစစ်၊ စာရင်းကောက် (၁၉၉) ဦးတို့မှ လိုက်လံကောက်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)