မန္တလေး အောက်တိုဘာ ၂
မန္တလေးတိုင်းဒေသကြီးတွင် ၂ဝ၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ မြို့တော်ခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များ၊ တိုင်းဒေသကြီးသက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဝင်များ၊ ဂုဏ်ပြုခံ အဘိုး၊ အဘွားများနှင့် ၎င်းတို့၏မိသားစုဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနား၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုစကားပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာမိသားစုဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ သက်ကြီးပုဂ္ဂိုလ်များက လူ့အဖွဲ့အစည်းအပေါ် အကျိုးပြုခဲ့ခြင်းများကို အသိအမှတ်ပြုသောအားဖြင့်လည်းကောင်း၊ လူမှုအဖွဲ့အစည်းအတွက် အကျိုးရှိနေဆဲ၊ အသုံးဝင်နေဆဲဖြစ်သည်ကို အသိအမှတ်ပြုသောအားဖြင့် လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ်ကို နိုင်ငံတော်က နှစ်စဉ်အခမ်းအနားများဖြင့် ကျင်းပလျက်ရှိပါကြောင်း၊ သက်ကြီးပုဂ္ဂိုလ်များ၏ အခွင့်အရေးများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးနေပါကြောင်း၊ တိုင်းဒေသကြီးအဆင့်အနေဖြင့် ကျင်းပလာသည်မှာ (၂၆)ကြိမ်မြောက် ရှိပြီဖြစ်ပါကြောင်း၊ ၂ဝ၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ် ကုလသမဂ္ဂအဖွဲ့ကြီးက ချမှတ်ထားသည့် ဆောင်ပုဒ်မှာ “သက်ကြီးပုဂ္ဂိုလ်များ ဂုဏ်သိက္ခာရှိစွာ ရပ်တည်ရေးကမ္ဘာအနှံ့ ဘက်စုံပြုစုစောင့်ရှောက်ပေး” ဖြစ်ပါကြောင်း၊ သက်ကြီးပုဂ္ဂိုလ်များ၏ အခွင့်အရေးများကို အကောင်အထည်ဖော်ဆောင်ရာတွင် မျိုးဆက်သစ်လူငယ်များအပါအဝင် အားလုံးက သက်ကြီးပုဂ္ဂိုလ်များအား ချစ်ခင်လေးစားပြီး ဘဝကိုသိရှိနားလည်တန်ဖိုးထားကာ သက်ကြီးသူများဘဝသာယာစေရန် ဝိုင်းဝန်းဖြည့်ဆည်းသွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တာဝန်ရှိသူများက အခမ်းအနားသို့တက်ရောက်လာသည့် ဂုဏ်ပြုခံသက်ကြီးပုဂ္ဂိုလ်အဘိုး၊ အဘွားများအား ဂုဏ်ပြုပစ္စည်းများနှင့် ဂုဏ်ပြုငွေများ ပေးအပ်ပြီးနောက် အခမ်းအနားသို့ မတက်ရောက်နိုင်သည့် သက်ကြီးပုဂ္ဂိုလ် အဘိုး၊ အဘွားများအတွက် ဂုဏ်ပြုငွေများကို အောင်မြေသာစံ၊ မဟာအောင်မြေနှင့် အမရပူရခရိုင်များမှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
၎င်းနောက် ဂုဏ်ပြုခံ သက်ကြီးပုဂ္ဂိုလ် အဘိုး၊ အဘွားများကိုယ်စား မန်းတောင်ခြေဘိုးဘွားရိပ်သာမှ အဘိုး ဦးပေါစံက ကျေးဇူးတင်ဆုတောင်းစကားများပြောကြားပြီး သက်ကြီးပုဂ္ဂိုလ် ပြုစုစောင့်ရှောက်ရေးနှင့် အခွင့်အရေးဆိုင်ရာဆောင်ရွက်မှုဗီဒီယိုမှတ်တမ်းကို ပြသခဲ့ကြောင်းနှင့် ယနေ့အခမ်းအနားတွင် သက်ကြီးပုဂ္ဂိုလ် အဘိုး၊ အဘွားများအတွက် ဂုဏ်ပြုပစ္စည်းများနှင့် ဂုဏ်ပြုငွေများ အပါအဝင် စုစုပေါင်း ငွေကျပ် ၃၈၇ ဒသမ ၈၆၇ သိန်းဖြစ်ကြောင်း သိရသည်။
မြင့်မော်ထွန်း