စစ်တွေ အောက်တိုဘာ ၂
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီးတွင် တည်ထားပူဇော်လျက်ရှိသည့် မာရဝိဇယဆင်းတုတော်နှင့် အဘယရာဇမုနိ ဆင်းတုတော်နှစ်ဆူအတွက် စံကျောင်းတော်(၂) ဆောင် ဆောက်လုပ်နေမှုအား လှည့်လည်ကြည့်ရှုပြီး စစ်တွေလေဆိပ် ခြံစည်းရိုး များပြုပြင်နေမှုနှင့် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနေမှုတို့အား လှည့်လည်ကြည့်ရှုကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လောကာနန္ဒာစေတီတော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များနှင့် ရှေးဟောင်းသမိုင်း အောင်စကြာမုနိဘုရားအားဖူးမြော်ကြည်ညိုကာ ပန်း၊ ဆီမီး၊ ရေချမ်းများဆက်ကပ်လှူဒါန်းကြပြီး စေတီတော်မြတ်ကြီး ဘက်စုံပြုပြင်နိုင်ရန်နှင့် အောင်စကြာမုနိသိမ်တော် ဘက်စုံပြုပြင်နိုင်ရန်အတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လောကာနန္ဒာစေတီတော်မြတ်ကြီး ရင်ပြင် တော်တွင် တည်ထားပူဇော်လျက်ရှိသည့် မာရဝိဇယဆင်းတုတော်နှင့် အဘယရာဇမုနိ ဆင်းတုတော် နှစ်ဆူအတွက် စံကျောင်းတော်(၂) ဆောင် ဆောက်လုပ်နေမှုအား သွားရောက်ကြည့်ရှုကြရာ စံကျောင်းတော်ဆောက်လုပ်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် လုပ်ငန်းကော်မတီအတွင်းရေးမှူး လမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးတို့က စံကျောင်းတော်များ ဆောက်လုပ်နေမှု၊ ဆက်လက်ဆောက်လုပ်ရမည့် အစီအမံများကိုရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က စံကျောင်းတော်(၂) ဆောင်အား ခန့်ညားထည်ဝါသပ္ပာယ်စွာ တည်ဆောက်နိုင်ရေး စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် ဆောင်ရွက်ပေးကြရန် မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေလေဆိပ်တွင် ပျက်စီးနေသော ခြံစည်းရိုးများအား ပြုပြင်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆောက်လုပ်ရေးတာဝန်ခံက လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ အမြန်ဆုံးပြီးစီးနိုင်ရေးနှင့် သတ်မှတ်စံချိန်စံညွှန်း ကိုက်ညီနိုင်ရေးလုပ်ဆောင်သွားရန် မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပျက်စီးနေသော ခြံစည်းရိုးများအား ပြုပြင်ပြီးစီးနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး စစ်တွေမြို့နယ်၊ ဘုမေကျေးရွာရှိ ယခင်စက်မှု လယ်ယာဦးစီးဌာန၏ အမှတ်(၇၂) ထွန်စက်စခန်းမြေနေရာ သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး စခန်းမြေနေရာအား စနစ်တကျထိန်းသိမ်းထားနိုင်ရေး ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘုမေကျေးရွာဈေးအတွင်း ဈေးသူ၊ ဈေးသားများ အေးချမ်းစွာ ဈေးရောင်းချနေမှုနှင့် ကုန်ပစ္စည်းများ ရောက်ရှိရောင်းချနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့များက အိမ်တိုင်ရာရောက် သန်းခေါင်းစာရင်း ကောက်ယူနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်ကြောင်း သတင်းရှိသည်။
တင်ထွန်း (ပြန်/ဆက်)
ဓာတ်ပုံ- ဝင်းမင်းစိုး