တိုက်ကြီး အောက်တိုဘာ ၂
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့်အဖွဲ့ဝင်မျာ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနေမှုအခြေအနေများအား ကွင်းဆင်း ကြည့်ရှုအားပေးကြောင်းသိရသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တိုက်ကြီးမြို့နယ်၊ တာခွကျေးရွာအုပ်စု၊ တာခွကျေးရွာတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး သန်းခေါင်စာရင်းကောက်ယူရာတွင် ပါဝင်ကူညီဆောင်ရွက်ပေးနေသူများအား သန်းခေါင်စာရင်းနှင့်ပတ်သက်သည့် အမှတ်တရအင်္ကျီနှင့်ဦးထုပ်များအားပေးအပ်ပြီး အိုးတန်းရပ်ကွက် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနေမှုအခြေအနေများကို ကြည့်ရှုအားပေးသည်။
ထို့နောက် ဥက္ကံရှမ်းစုကျေးရွာအုပ်စု ဥက္ကံရှမ်းစုကျေးရွာ ငါးမွေးတောင်သူ ဦးမြသိန်းနှင့် ဦးငွေမိုးအောင်တို့၏ ငါးမွေးမြူရေးကန်တွင် ငါးသားပေါက်များထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားတွင် အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးမှူးနှင့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှတာဝန်ရှိသူတစ်ဦးက ငါးသားပေါက်ထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဝန်ကြီးများသည် ရေကြီးနစ်မြုပ်သည့် တစ်ဧကမှ ၅၀ ဧကအထိ ငါးမွေးမြူရေးကန်များအတွက် ငါးသားပေါက်များအား အခမဲ့ထောက်ပံ့ပေးအပ်သည်။ တိုက်ကြီးမြို့နယ်အတွင်းရှိ ငါးမွေးတောင်သူ (၅၃၁)ဦး၊ ငါးမွေးကန်ဧရိယာ (၁၈၂၁.၈၆)ဧကအတွက် (၂)လက်မအရွယ် ငါးမြစ်ချင်းနှင့်ငါးခုံးမ ငါးသားပေါက်ကောင်ရေ (၁၈၂၁၈၆၀)ကောင်တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)