မော်လမြိုင် အောက်တိုဘာ ၂
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို နိုင်ငံတစ်ဝန်းလုံးတွင် အောက်တိုဘာလ ၁ရက်နေ့မှစတင်၍ ကောက်ယူလျက်ရှိရာ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များအားလုံးတွင်လည်း ကောက်ယူလျက်ရှိပါသည်။ ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၌ သန်းခေါင်စာရင်းကောက်ယူနေမှုကို ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်သန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုခဲ့သည်။
ထို့နောက် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ငန်းတေးရပ်ကွက်၊ ဝန်ကြီးများအိမ်ရာဝင်းအတွင်းရှိ မွန်ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၏ နေအိမ်တွင် သန်းခေါင်စာရင်း သွားရောက်ကောက်ယူခဲ့ပါသည်။
သန်းခေါင်စာရင်းကောက်ယူရာသို့ မွန်ပြည်နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးတိုးဝင်း၊ ကော်မတီအတွင်းရေးမှူး ဦးမြတ်သွင်နှင့် အဖွဲ့ဝင်များ၊ မော်လမြိုင်ခရိုင်၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌများလိုက်ပါလျက် တာဝန်ကျစာရင်းစစ် ဒေါ်ချောကလျာလင်းမှ သန်းခေါင်စာရင်းဆိုင်ရာ အိမ်ထောင်စုမေးခွန်း (၆၈)ချက် မေးမြန်းမှုအပေါ် ဝန်ကြီးချုပ်နှင့် ဇနီးတို့က ပြန်လည်ဖြေကြားပေးခဲ့ကြသည်။
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်ရာ မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ ရပ်ကွက်/ကျေးရွာများ၌ သန်းခေါင်စာရင်းကောက်ကွက်ပေါင်း ၃၆၇၅ ကွက်ရှိပြီး လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို စာရင်းစစ်၊ စာရင်းကောက် (၁၂၀၂) ဦးတို့ဖြင့် လိုက်လံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)