ထန်းတပင်(ရန်ကုန်) အောက်တိုဘာ ၂
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်း အောက်တိုဘာလ(၁)ရက်နေ့မှ စတင်၍ မြို့နယ်သန်းခေါင်စာရင်းကော်မတီ၏ ကြီးကြပ်မှုဖြင့်သက်ဆိုင်ရာသန်းခေါင်စာရင်း ကောက်ကွက်များအလိုက် တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိပြီးသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကိုလည်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့ သည်။
ကြည့်ရှုအားပေးရာတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးတာဝန်ရှိသူများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ညောင်သုံးပင်ကျေးရွာတွင် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ လူဦးနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ထန်းတပင်မြို့နယ်အတွင်း စာရင်းစစ်(၃၃)ဦးနှင့် စာရင်းကောက် (၁၂၆)ဦး စုစုပေါင်း (၁၅၉)ဦးတို့ဖြင့် စာရင်းကောက်အဖွဲ့ပေါင်း(၃၀)တို့ဖြင့် ကောက်ကွက်ပေါင်း (၃၉၄) ကွက်ကို အောက်တိုဘာလ(၁)ရက်နေ့မှ အောက်တိုဘာလ(၁၅)ရက်နေ့အထိ CAPI စနစ်ထည့်သွင်း ထားသည့် Mobile Tablet များဖြင့် ကောက်ယူသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)