မော်လမြိုင်ကျွန်း အောက်တိုဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း တိကျမှန်ကန်စွာရရှိစေရေး အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာအရ သန်းခေါင်စာရင်းကောက်ယူမည်ဖြစ်ရာ စက်တင်ဘာလ (၃၀) ရက်နေ့ ည (၁၂) နာရီအချိန်တွင် ဧည့်ရိပ်သာ/ တည်းခိုခန်းများ၊ မြို့နယ်ပြည်သူ့ဆေးရုံးရှိလူနာများ၊ ရဲစခန်းအချုပ်ထောင်ရှိအချုပ်သားများ၊ ရေယာဥ်ဆိပ်ကမ်းရှိ မော်တော်ယာဥ်များမှ ရေယာဥ်လုပ်သားများ သန်းခေါင်စာရင်း ကြိုတင်ကောက်ယူခြင်းများကို ဆောင်ရွက်ခဲ့သည်။
ထို့နောက် လူဦးရေနှင့်အိမ်အကြောင်းအရာသန်း ခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ယနေ့နံနက် (၁၀:၃၀) အချိန်မှစ၍ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ မြို့ပေါ် အမှတ်(၂) ရပ်ကွက်၊ အမှတ် (၄)ရပ်ကွက်၊ အမှတ်(၆) ရပ်ကွက်၊ အမှတ် (၁၃) ရပ်ကွက်နှင့် ဝက်ကွင်းကျေးရွာ၊ ပလွန်စာကျေးရွာ၊ ကျိုက်ပိကျေးရွာ၊ ကျော်ဇံကျေးရွာများအား သန်းခေါင်စာရင်းကောက်ယူရာတွင် စာရင်းကောက်ကွက်အတွင်း တစ်အိမ်တက်ဆင်း အိမ်တိုင်ရာရောက် Mobile Tablet များ အသုံးပြု၍ သန်းခေါင်စာရင်းကောက်ယူသွားရာတွင် အဖွဲ့ (၅၅) ဖွဲ့ဖြင့် ရပ်ကွက်/ကျေးရွာအလိုက်ခွဲ၍ မှန်ကန်သော စာရင်းများရရှိရေး၊ နိုင်ငံတော်၏လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး၊ ကိစ္စရပ်များအတွက် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများရေးဆွဲအကောင်အထည်ဖော်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာကိန်းဂဏန်းအချက်အလက်များကိုရရှိရန်၊ သန်းခေါင်စာရင်း ကောက်ယူသည့်အချက်အလက်များကို သန်းခေါင်စာရင်းဆိုင်ရာကိစ္စမှတစ် ပါးအခြားမည်သည့် ကိစ္စအတွက်မျှအသုံးပြုခြင်း (သို့မဟုတ်) စစ်ဆေးခြင်းမပြုရန်နှင့် လုံခြုံရေး၊ သွားရေးလာရေး အဆင်ပြေစေရန်၊ မြို့နယ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင် စာရင်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်နှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်မာမူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဦးစီးအရာရှိ ဦးစောဝဏ္ဏနှင့်ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)