ရန်ကုန် အောက်တိုဘာ ၂
မြန်မာ့မီးရထားအနေဖြင့် ပြည်သူများခရီးသွားလာမှုလွယ်ကူအဆင်ပြေချောမွေ့စေရေးအတွက် ရထားလမ်းပိုင်းအသီးသီးတွင် လူစီးရထားများပြေးဆွဲ ဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်မြို့ပတ်ရထားလမ်းအဆင့်မြှင့်တင်ခြင်းစီမံကိန်းနှင့်အတူ စပိန်နိုင်ငံမှဝယ်ယူရောက်ရှိလာသည့် ခေတ်မီ Diesel Electric Multiple Unit (DEMU)ရထားတွဲဆိုင်းအသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် အမှတ်(၁၅)အဆန်နှင့် ပဲခူး-ရန်ကုန်ခရီးစဉ် အမှတ် (၁၆) အစုန်လူစီးရထားများစတင်ပြေးဆွဲခြင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၇)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ် ရန်ကုန်ဘူတာကြီး၌ကျင်းပသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားပြီး မြန်မာ့မီးရထားဦးဆောင်ညွှန်ကြားရေးမှူးက ရန်ကုန်မြို့ပတ်ရထားလမ်းအဆင့်မြှင့်တင်ခြင်း စီမံကိန်းနှင့်အတူ စပိန်နိုင်ငံမှဝယ်ယူရောက်ရှိလာသည့် ခေတ်မီ Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်းအသစ်များအသုံးပြု၍ ရန်ကုန်-ပဲခူးခရီးစဉ်အဖြစ် အမှတ်(၁၅)အဆန်/ အမှတ်(၁၆)အစုန်အား စတင်ပြေးဆွဲပေးနိုင်ရန်စီစဉ်ဆောင်ရွက်ထားမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် မြန်မာ့မီးရထားဦးဆောင်ညွှန်ကြားရေးမှူးတို့က ဖဲကြိုးဖြတ်၍ ရန်ကုန်ဘူတာကြီး အမှတ် (၁) စင်္ကြံမှ စတင်ပြေးဆွဲထွက်ခွာမည့် အမှတ်(၁၅)အဆန် ရန်ကုန်-ပဲခူးခရီးစဉ် DEMUရထားတွဲဆိုင်းအသစ်ကို ဖွင့်လှစ်ပေးကြပြီး ရထားစက်ခေါင်းကို အမွှေးနံ့သာများဖြင့် ပက်ဖျန်းပေးကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခရီးစဉ်တွင်လိုက်ပါစီးနင်းကြမည့် ရထားစီးခရီးသည်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။
အဆိုပါ အမှတ်(၁၆)အစုန် ပဲခူး-ရန်ကုန် DEMU ရထားသည် ပဲခူးဘူတာမှ နံနက် (၆) နာရီတွင် စတင်ထွက်ခွာ၍ ရန်ကုန်ဘူတာသို့ နံနက် (၈) နာရီ (၂၀) မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း၊ အမှတ်(၁၅) အဆန်ရန်ကုန်-ပဲခူးDEMUရထားသည် ရန်ကုန်ဘူတာမှ ညနေ (၄) နာရီ (၄၅) မိနစ်တွင် ပြန်လည်ထွက်ခွာ၍ ပဲခူးဘူတာသို့ ညနေ (၇) နာရီ (၅) မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်ကြောင်းနှင့် လမ်းခရီးတွင် ပုဇွန်တောင်၊ မလွှကုန်း၊ သင်္ဃန်းကျွန်း၊ တိုးကြောင်ကလေး၊ ရွာသာကြီး၊ လေးဒေါင့်ကန်၊ ဒါးပိန်၊ ကော့ချဲ၊ ထုံးကြီး၊ ကျောက်တန်း၊ တာဝ၊ ဘုရားသုံးဆူ စုစုပေါင်း (၁၂) ဘူတာတို့တွင် ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါ DEMU ရထားတွဲဆိုင်းတွင် ခရီးသည် ရပ်စီး/ထိုင်စီး စုစုပေါင်း (၈၃၂) ဦး စီးနင်းလိုက်ပါနိုင်ပြီး ခရီးသွားလက်မှတ်ခအနေဖြင့် ခရီးစဉ်အစမှအဆုံးထိ တစ်ဦးလျှင် ၂၅၀၀/ကျပ်၊ ခရီးတစ်ဝက်လိုက်ပါစီးနင်းပါက ၁၃၀၀/- ကျပ်နှုန်း သတ်မှတ်ထားကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)