လှည်းကူး အောက်တိုဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိကာ မိသားစုဝင်ငွေများ တိုးပွားလာစေရန်ရည်ရွယ်၍ အခြေခံမော်တာ စက်ချုပ်သင်တန်းကို ယမန်နေ့နံနက်ပိုင်းက လှည်းကူးမြို့နယ်၊ တံခွန်တိုင်(အင်းစိန်)ကျေးရွာ၌ လှစ်ခဲ့သည်။
ဦးစွာလှည်းကူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူ ဦးတင်အောင်သန်းက အမှာစကားပြောကြားရာတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိကာ မိသားစုဝင်ငွေများတိုးပွားလာစေရန်အတွက် သင်တန်းကိုဖွင့်လှစ်ပေးခြင်းဖြစ်ရာ စိတ်ပါဝင်စားစွာ တက်မြောက်အောင်သင်ကြားကြရန်နှင့် သင်တန်းချိန်ကိုမပျက်ကွက်ဘဲ တက်ရောက်ကြရန်တို့ကို အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ဦးစီးမှူး ဒေါ်သန္တာစိုးက သင်တန်းဆင်းပါက အလုပ်အကိုင်များရရှိစေရေးအတွက် အထည်ချုပ်စက်ရုံများနှင့်ချိတ်ဆက်ကာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး အထောက် အကူပစ္စည်းများပေးအပ်သည်။
အဆိုပါ သင်တန်းကိုအောက်တိုဘာလ(၁)ရက်နေ့မှ အောက်တိုဘာလ(၃၀)ရက်နေ့အထိ တစ်လကြာ စာတွေ့၊ လက်တွေ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ တံခွန်တိုင် (အင်းစိန်) ကျေးရွာနှင့်အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ဒေသနေပြည်သူ(၂၀) တို့တက်ရောက် သင်ကြားကြောင်း မြို့နယ်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)