ကျိုင်းတုံ အောက်တိုဘာ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်နယ်သန်းခေါင်စာရင်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ယမန်နေ့နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက တစ်အိမ်တက်ဆင်း ကောက်ယူလျက်ရှိကြောင်း သိရသည်။
အဆိုပါ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရာတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက ကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်းကောက်ယူသည့်စနစ်ဖြင့် (Mobile Tablet) များကို အသုံးပြုကာ အိမ်ထောင်စုမေးခွန်းပုံစံ (၆၈) ခု၊ အဖွဲ့အစည်းမေးခွန်းပုံစံ (၁၈) ခုဖြင့် တစ်အိမ်တက်ဆင်း ကောက်ယူလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်နေမှုများကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ အတွင်းရေးမှူး ဦးအောင်မြတ်သာ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်း မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးဝင်းကျော်သူနှင့် အဖွဲ့ဝင်များက ကျိုင်းတုံမြို့ပေါ်ရပ်ကွက်များအတွင်း သန်းခေါင်စာရင်းကောက်ယူနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုင်းရွှေအောင် (ခရိုင်ပြန်ဆက်)