သထုံ အောက်တိုဘာ ၂
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ယခုနှစ်ခြံဖွင့်ရာသီစတင်ချိန်၌ ရာဘာအဝယ်ဒိုင်များက အချိန်စော၍ ဈေးကောင်းပေး ဝယ်ယူနေပြီး ရာဘာဈေးနှုန်း ပေါက်ဈေးမှာ ပြီးခဲ့သည့်နှစ် ခြံဖွင့်ရာသီကထက် ဈေးပိုရကြောင်း ဒေသတွင်းရာဘာစိုက် တောင်သူများထံမှ သိရသည်။
“ခြံက အစေးစပြီး ခြစ်နေပြီ၊ အစဆိုတော့ အစေးအထွက် နည်းသေးတယ်၊ ခုအချိန်က ခြံထဲက ထွက်သလောက် တစ်ပတ်၊ ဆယ်ရက်တစ်ခါ စုပြီးရောင်းတာ ပေါ့။ မိုးလေမမှန်သေးဘူးဆိုတော့ ရသလောက်နဲ့ နေလှမ်းပြားဘဲ ရောင်းပါတယ်၊ ခြံဖွင့်အစေးစခြစ်တဲ့ ရာသီရောက်နေပြီဆိုပေမယ့် ကျွမ်းကျင်တဲ့ရာဘာအငှားခြစ်သူတွေ ရှာရခက်ပြီး အငှားခက်လာတာကြောင့် ဒီနယ်တကြောမှာတော့ မခြစ်နိုင်ကြသေးတဲ့ ခြံအတော်များပါသေးတယ်” ဟု သထုံမြို့နယ် ဝီယော်ကျေးရွာမှ ဝင်းပကျေးရွာမှ တစ်နိုင်တစ်ပိုင် ရာဘာစိုက်တောင်သူ ဦးသာထိုက ပြောသည်။
ယခင်နှစ်က နေလှမ်းရာဘာတစ်ပေါင် ၁၇၀၀ ကျပ်ခန့်ဖြင့် ဈေးဖွင့်ခဲ့ပြီး ယခုနှစ်တွင် ၃၁၀၀ ကျပ်ဝန်းကျင်ဖြင့် ဈေးဖွင့်ခဲ့ကာ နေလှန်းပြားများကိုသာ လာရောက်ရောင်းချသူများကြောင်း ရာဘာရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
“ဒီရာသီမှာ အစောဆုံး အဝယ်ဖွင့်တာပါ၊ ရာသီဥတုအခြေအနေအရ ဝယ်ယူရရှိမှုတော့ နည်းသေးတယ်။ တစ်နေ့ကို ပေါင် ၂၅၀၀ ကျော်လောက်တော့ ဝယ်နေရတယ်။ နေလှန်းပြားဘဲ အဝယ်များပြီးတော့ မှိုင်းတင်ပြန်ရောင်းတယ်”ဟု သုဝဏ္ဏဝတီမြို့ ရွှေလက်ဆောင်ရာဘာရောင်းဝယ်ရေးဆိုင်မှ ဦးဝေယံက ပြော သည်။
ယခုနှစ်တွင် ဈေးကွက်ဖွင့်ချိန်စောပြီး ရာဘာတောင်သူအချို့မှာ လက်ရှိအချိန်အထိ လုပ်ငန်းခွင်စတင်ရန် ပြင်ဆင်နေဆဲဖြစ်ကြောင်း၊ ခြံတောင်သူအချို့မှာလည်း အစေးခြစ်သူ အလုပ်သမားများ ရှားပါးနေခြင်းကြောင့် လုပ်ငန်းခွင်စတင်ရန် အခက်အခဲရှိနေကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)