တံတားမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း စတင်ကောက်ယူ

တံတား အောက်တိုဘာ ၂

ရန်ကုန်တိုင်းဒေသကြီး ၊ သန်လျင်ခရိုင် ၊ တံတားမြို့၌ ၂၀၂၄ ခုနစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းကို ယမန်နေ့နံနက် (၇) နာရီမှစတင်၍  တံတားမြို့ပေါ်ရပ်ကွက်များအတွင်း စာရင်းစစ် စာရင်းကောက်အဖွဲ့များက ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့ကွင်းဆင်းကောက်ယူရာတွင် စာရင်း‌ကောက်များက လူဦးရေနှင့် အိမ်အကြောင်းအရာများ တိကျမှန်ကန်စွာ ရရှိနိုင်ရေးအတွက် အိမ်တောင်စုများ၏ လူဦးရေဆိုင်ရာအချက်အလက်များကို မေးမြန်ကောက်ယူလျက်ရှိသည်။ တံတားမြို့အနေဖြင့်  မြို့ပေါ်ရပ်ကွက်များတွင် သန်းခေါင်စာရင်းကောက်ကွက် (၂၀) ရှိရာ စာရင်းကောက်များမှ အဖွဲ့များခွဲ၍  မိမိတာဝန်ကျရာစာရင်းကောက်ကွက်အတွင်း တစ်အိမ်တက်ဆင်း အိမ်တိုင်ရာရောက် Mobile Tablet များအသုံးပြု၍ သန်းခေါင်စာရင်းကောက်ယူလျက်ရှိသည်။ လူဦးရေနှင့် အိမ်‌အကြောင်းအရာသန်းခေါင်စာရင်းကို အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင်  ကောက်ယူသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရာသို့ မြို့အုပ်ချုပ်ရေးမှူး ဦးရန်အောင်မျိုးထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ ရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခန့်စည်သူဝင်း(ပြန်/ဆက်)