မြင်းခြံ၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်း စတင်ဆောင်ရွက်

မြင်းခြံ အောက်တိုဘာ ၂

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး၏ကြီးကြပ်မှုဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနဦးဆောင်ကာ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက်များသည် မြို့နယ်အတွင်းကွင်းဆင်းကောင်ယူခြင်းကို ယမန်နေ့နံနက်ပိုင်းက စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြင်းခြံမြို့ပေါ်ရှိ ရပ်ကွက်စုစုပေါင်း (၂၀)၌ ကောက်ကွက်ပေါင်း (၂၀၄) ကွက်ရှိပြီး စာရင်းစစ်/စာရင်းကောက်ယူဦးရေ (၈၁) ဦးတို့က သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်ပူးပါင်းကာ အောက်တိုဘာလ (၁) ရက်နေ့မှစတင်၍ ရပ်ကွက်များတွင် CAPI နည်းပညာဖြင့် Tablet အသုံးပြုပြီး ကောက်ယူသွားမည်ဖြစ်သည်။

ကွင်းဆင်းကောက်ယူရာတွင် သန်းခေါင်စာရင်းကောက်ကွက်များမှ လူဦးရေနှင့်အိမ်အကြောင်းရာစာရင်းများ တိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာအချက်အလက်များနှင့် အိမ်အကြောင်းအရာအချက်အလက် (၆၈)ချက်တို့ကို မေးမြန်းကောက်ယူသွားမည်ဖြစ်ပြီး စာရင်းကောက်နေမှုများကို ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့်ကော်မတီဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်နှင့်ကော်မတီဝင်များက လှည့်လည်အားပေး ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)