စစ်တွေ အောက်တိုဘာ ၂
အောက်တိုဘာ(၁) ရက်နေ့တွင်ကျရောက်သော နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များ၊ မြို့မိ၊ မြို့ဖအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များ၊ အငြိမ်းစားတပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်နေ့အခမ်းအနားသို့ ရဲချုပ်မှပေးပို့သည့် သဝဏ်လွှာအား ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးသက်လွင်က ဖတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက မှုခင်းများဖော်ထုတ်၊ ဖမ်းဆီးရမိမှုများနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ်(Video Clip) အားပြသပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အထိမ်းအမှတ်ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့များက အိမ်တိုင်ရာရောက် သန်းခေါင်းစာရင်းကောက်ယူနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။ အလားတူ စာရင်းကောက်အဖွဲ့များသည် အနောက်စံပြရပ်ကွက်၊ ဝန်ကြီးများအိမ်ရာသို့သွားရောက်၍ ဝန်ကြီးချုပ်နေအိမ်နှင့် ဝန်ကြီးများအိမ်တို့တွင်လည်း လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းများကို ကောက်ယူခဲ့ကြသည်။
လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာလ (၁) ရက်နေ့မှ စတင်ပြီး (၁၅) ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်ကြောင်းသိရသည်။
မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် အဆိုပါခန်းမ၌ ကျင်းပသော အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နှစ်စဉ်အောက်တိုဘာလ(၁)ရက်နေ့သည် အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ဖြစ်ခြင်းကြောင့် မိမိတို့မြန်မာနိုင်ငံအနေဖြင့်လည်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ဖြစ်သည့်အတွက် အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနားကို နိုင်ငံတော်အဆင့်သာမက တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ပါ နှစ်စဉ်ကျင်းပဆောင်ရွက်လျက်ရှိကြောင်း အဖွင့်ဂါရဝစကားပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များကဦးဆောင်ကာ သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေနှင့် ဂုဏ်ပြုပစ္စည်းများပေးအပ်ကြသည်။
ဆက်လက်၍ ကန်တော့ခံဘိုးဘွားများကိုယ်စား အဘွားတစ်ဦးမှ ဆုတောင်းမေတ္တာပို့သပြီး ပြည်နယ်ဝန်ကြီးချုပ်သည် ကန်တော့ခံအဘိုးအဘွားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)