ဗိုလ်တထောင် အောက်တိုဘာ ၂
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူရေးလုပ်ငန်းကို ယမန်နေ့နံနက်မှစ၍ စတင်ဆောင်ရွက်ရာ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများတွင် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက ကွင်းဆင်းကောက်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဗိုလ်တထောင်မြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူရေးဆောင်ရွက်နေမှုများအား မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်နှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးဝင်းရှိန်နှင့် တာဝန်ရှိသူများက အဖွဲ့များခွဲ၍ ကြီးကြပ်ဆောင်ရွက်ပေးကြသည်။
ကွင်းဆင်းကောက်ယူရာတွင် စာရင်းကောက်များက လူဦးရေနှင့်အိမ်အကြောင်းအရာများ တိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် အိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာအချက်အလက်များနှင့် အိမ်အကြောင်းအရာများကို မေးမြန်းကောက်ယူလျက်ရှိသည်။ ဗိုလ်တထောင်မြို့နယ်တွင် သန်းခေါင်စာရင်းကောက်ကွက်ပေါင်း (၈၈)ကွက်ရှိပြီး ကောက်ဖွဲ့ (၈)ဖွဲ့ ဖြင့် ၂၀၂၄ အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ နေ့စဉ်နံနက် ၇ နာရီမှညနေ ၆ နာရီထိ တအိမ်ဆင်းတစ်အိမ်တက် ကောက်သွားမည်ဖြစ်ကြောင်း မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး ဦးမျိုးဝင်းရှိန်၏ ပြောကြားချက်အရ သိရသည်။
ခင်ဝင်း (ပြန်/ဆက်)