ညောင်ဦး အောက်တိုဘာ ၂
နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်ထဲမှ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ ယမန်နေ့ နံနက် ၇ နာရီအချိန်မှစတင်၍ ကောက်ယူလျက်ရှိသည်။
ညောင်ဦးမြို့နယ်အတွင်း ရပ်ကွက်ပေါင်း (၁၇) ရပ်ကွက်၊ ကျေးရွာအုပ်စု (၇၅) အုပ်စုတွင် သန်းခေါင်စာရင်းကောက်ကွက် (၅၇၃) ကွက်ရှိပြီး သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့ပေါင်း (၄၁) ဖွဲ့ဖြင့် ကောက်ယူလျက်ရှိရာ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးနန်းတင့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ညောင်ဦးမြို့နယ်အတွင်း ကြီးကြပ်သူ (၉၂) ဦး၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ (၁၈၄) ဦး၊ ကျောင်းဆရာ၊ ဆရာမ (၂၁၇) ဦး စုစုပေါင်း (၄၉၃) ဦးပါဝင်သောအဖွဲ့ဖြင့် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ နေ့စဉ် နံနက် (၇) နာရီမှ ညနေ (၆) နာရီအထိ စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ဒီပါလင်း