ပင်လောင်းမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ကွက်အသီးသီးတွင် စာရင်းများ စတင်ကောက်ယူ

ပင်လောင်း အောက်တိုဘာ ၁

နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒများချမှတ်ပြီး စီမံကိန်းရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ ရရှိရန်အတွက် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာ စာရင်းကောက်ကွက်အသီးသီးတွင် ယနေ့နံနက်ပိုင်းက စတင်ကောက်ယူကြကြောင်း သိရသည်။ 

ပင်လောင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ကွက် (၄၁၂) ကွက်ရှိပြီး၊ စာရင်းကောက်အဖွဲ့ (၃၅)ဖွဲ့ဖြင့် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ တစ်အိမ်တက်ဆင်း အိမ်တိုင်ရာရောက် Tablet ကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်းကောက်ယူသည့်စနစ် (Computer Assisted Personal Interviews- CAPI) နည်းပညာဖြင့် မေးခွန်း(၆၈)ခု ပါဝင်သည့် အိမ်ထောင်စုမေးခွန်းပုံစံနှင့် မေးခွန်း(၁၈)ခုပါဝင်သည့် အဖွဲ့အစည်းမေးခွန်းပုံစံများ အသုံးပြု၍ စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းစတင်ကောက်ယူနေမှုများကို ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး မြို့နယ်သန်းခေါင်စာရင်း‌ကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးတင်အောင်ဝင်းနှင့်အဖွဲ့ဝင်များ၊ အမှတ်(၄)စစ်အခြေခံလေ့ကျင့်ရေးတပ် ခေတ္တတပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး စံအောင်ကျော်နှင့် အရာရှိစစ်သည်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်တို့က သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)