ကျိုက်ထိုမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုအား ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေး

ကျိုက်ထို အောက်တိုဘာ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းစတင်ကောက်ယူနေမှုအား ယနေ့နံနက်ပိုင်းက ကျိုက်ထိုခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံ‌စောလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်လွင်၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များတို့မှ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် ကျိုက်ထိုမြို့၊ တောင်သူစုရပ်ကွက်နှင့်‌ ဇေယျာမွန်အတွင်းရှိ သန်းခေါင်စာရင်းကောက်ကွက် ၂၀ ကွက်တို့၌ စာရင်းကောက်သူတို့က လူဦးရေနှင့်အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာရရှိရေးအတွက် အိမ်ထောင်စုအသီးသီးတို့၏ လူဦးရေဆိုင်ရာအချက်အလက်များ၊ အိမ်အကြောင်းအရာများ စနစ်တကျမေးမြန်းနေမှုများကို ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က တစ်အိမ်တက်ဆင်း လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်တို့ကို ပံ့ပိုးကူညီပေးခဲ့ကြသည်။

ကျိုက်ထိုမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအသီးသီးတို့၌ သန်းခေါင်စာရင်း ကောက်ကွက်ပေါင်း ၁၂၉ ကွက်ရှိပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို စာရင်းစစ်၊ စာရင်းကောက် (၈၄) ဦးတို့မှ လိုက်လံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)