ပျဉ်းမနားမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း စတင်ဆောင်ရွက်

ပျဉ်းမနား အောက်တိုတာ ၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို သန်းခေါင်စာရင်းရည်ညွှန်းချိန်၌ သတ်မှတ်နယ်နိမိတ်အတွင်း နေထိုင်သူများအား သတ်မှတ်ထားသည့် စာရင်းကောက်ကွက်များ၌ စာရင်းစစ်/ စာရင်းကောက်များက အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ကြသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် ပျဉ်းမနားမြို့၊ ရွာကောက်ရပ်ကွက်အတွင်းရှိ သန်းခေါင်စာရင်းကောက်ကွက် ၄၈ ကွက်တို့၌ စာရင်းကောက်သူတို့က လူဦးရေနှင့်အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာရရှိရေးအတွက် အိမ်ထောင်စုအသီးသီးတို့၏ လူဦးရေဆိုင်ရာအချက်အလက်များ၊ အိမ်အကြောင်းအရာများ စနစ်တကျမေးမြန်းနေမှုများကို တာဝန်ရှိသူများက တစ်အိမ်တက်ဆင်း လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်တို့ကို ပံ့ပိုးကူညီပေးခဲ့ကြသည်။

ပျဉ်းမနားမြို့နယ်တွင် ရပ်ကွက် ၇ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၉ အုပ်စု၊ ကျေးရွာပေါင်း ၁၀၄ ရွာ၌ ကောက်ကွက်ပေါင်း ၃၆၅ ကွက်ရှိပြီး စာရင်းစစ်စာရင်းကောက် ၁၇၉ ဦး ဖြင့် မြို့နယ်အဆင့်/ရပ်ကျေး အဆင့်ကြီးကြပ်မှုကော်မတီများဖွဲ့စည်းပြီး ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းအား အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ တစ်ချိန်တည်းတစ်ပြိုင်တည်း စာရင်းကောက်ယူလျက်ရှိသည်။

၎င်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို မြန်မာနိုင်ငံ၏ တိကျမှန်ကန်သောလူဦးရေနှင့်လူမှုစီးပွားဆိုင်ရာ စာရင်းအင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ စဉ်ဆက်မပြတ်ရရှိရန်နှင့် လိုလပ်သောမူဝါဒ၊ စီမံကိန်း၊ မဟာဗျူဟာ၊ နည်းဗျူဟာများကို ချမှတ်နိုင်ရန်ရည်ရွယ်၍ စက်တင်ဘာလ ၃၀ ရက်နေ့ ညသန်းခေါင်းယံအချိန်ကို သန်းခေါင်စာရင်း ရည်ညွှန်းချိန်အဖြစ်သတ်မှတ်၍ မြန်မာနိုင်ငံနယ်နိမိတ်အတွင်းနေထိုင်သူအားလုံးကို ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)