ဥတ္တရသီရိမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

ဥတ္တရသီရိ အောက်တိုဘာ ၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက စတင်‌ဆောင်ရွက်လျက်ရှိရာ ခရိုင်၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် ကော်မတီဝင်များက လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်များကို ကူညီပံ့ပိုးပေးခဲ့ကြသည်။

သန်းခေါင်စာရင်းကောက်ကွက်များတွင် စာရင်းကောက်ယူသူတို့က လူဦးရေနှင့်အိမ်အကြောင်းအရာ စာရင်းများ တိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာများအတွင်း အိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာအချက်အလက်များနှင့် အိမ်အကြောင်းအရာများကို အချက်အလက် (၆၈)ချက် မေးမြန်းကာ Mobile Tablet များဖြင့် အဆင့်မြင့်နည်းပညာများကို အသုံးချကာ ကောက်ယူကြောင်း သိရသည်။

ဥတ္တရသီရိမြို့နယ်တွင် ရပ်ကွက် ၂ ရပ်ကွက်၊ ကျေးရွာအုပ်စု ၈ အုပ်စု၊  ကျေးရွာပေါင်း ၄၉ ရွာတို့၌ သန်းခေါင်စာရင်းကောက်ကွက်ပေါင်း ၁၇၄ ကွက်ရှိပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို စာရင်းစစ်၊ စာရင်းကောက် ၉၅ ဦးဖြင့် လိုက်လံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)