ပန်းဘဲတန်းမြို့ ရပ်ကွက် (၁)တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း‌ စတင်ကောက်ယူ

ပန်းဘဲတန်း  အောက်တိုဘာ ၁

 ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းကို ပန်းဘဲတန်းမြို့နယ်၊ ရပ်ကွက် (၁)၌ ယနေ့နံနက် ၇နာရီအချိန်မှစတင်ပြီး စာရင်းစစ်၊စာရင်းကောက်အဖွဲ့များမှ ကွင်းဆင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

နိုင်ငံတိုင်းတွင် သန်းခေါင်စာရင်းသည် လူဦးရေဆိုင်ရာအချက်အလက်များနှင့် အိမ်ထောင်စုများ၏ ဝိသေသလက္ခဏာများကို ရရှိနိုင်သည့် အရေးကြီးသော ရင်းမြစ်တစ်ခုဖြစ်သည်နှင့်အညီ ၂၀၂၄ ခုနှစ်လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းများ စာရင်းများ မှန်ကန်စွာရရှိနိုင်ရေးအတွက် ကျောက်တံတားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး တင်ထွန်း၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးသိန်းလင်း‌အောင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး ယောမင်းကို့နှင့်အဖွဲ့ဝင်များ၊  မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီအတွင်းရေးမှူး ဦး‌အောင်ကျော်သူနှင့် တာဝန်ရှိသူများက အဖွဲ့များခွဲ၍ ကြီးကြပ်ဆောင်ရွက်ပေးကြသည်။

ပန်းဘဲတန်းမြို့နယ်၌ သန်း‌ခေါင်စာရင်းကွင်းဆင်းကောက်ယူရာတွင် စာရင်းကောက်များက လူဦးရေနှင့်အိမ်အကြောင်းအရာများ တိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် အိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာအချက်အလက်များနှင့် အိမ်အကြောင်းအရာများကို မေးမြန်းကောက်ယူလျက်ရှိ ပြီး မြို့နယ်အတွင်း သန်းခေါင်စာရင်း ကောက်ကွက်ပေါင်း (၈၈)ကွက်ရှိရာ ယနေ့တွင် ကောက်ကွက် (၉)အား အဖွဲ့(၃)ဖွဲ့ဖြင့် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်နေ့ထိ နေ့စဉ်နံနက် ၇ နာရီမှ ညနေ ၆ နာရီထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး ဦးအောင်ကျော်သူ၏ပြောကြားချက်အရ သိရသည်။

ဥမ္မာကျော်(ပန်းဘဲတန်း)