မုဒုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်

မုဒုံ အောက်တိုဘာ ၁

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်သည်။

ဆွေးနွေးပွဲတွင် မုဒုံမြို့နယ် ပညာရေးမှူးတာဝန်ခံ ဒေါ်မို့မို့သိန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက ကျောင်းသားလူငယ်များ စာအုပ်စာပေတွင် မွေ့လျော်ကာ စာပေဗဟုသုတပြည့်စုံသူများဖြစ်လာစေရန် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို အောက်တိုဘာ (၂၄) ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ကာယ/ဉာဏစွမ်းရည်ပြိုင်ပွဲများကို ပြုလုပ်သွားမည်ဖြစ်ရာ ကျောင်းအုပ်ဆရာ/ဆရာမများ ပူးပေါင်းဆောင်ရွက်ပေးကြပါရန် ရှင်းလင်းပြောကြားသည်။

အဆိုပါစာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် စာပေဟောပြောပွဲ၊  ပုံပြင်ပြော၊ ကဗျာရွတ်ဆို၊ ကျပန်း၊ စကားရည်လု၊ ဆေးရောင်ခြယ်၊ အရုပ်ဆက်၊ စကားပုံဆက်၊ သင်္ချာဉာဏ်စမ်း၊ အင်္ဂလိပ် (letter)စာလုံးဆက်၊ စာအုပ်စာစောင်ပြပွဲ၊ ဌာနဆိုင်ရာပြခန်းများစသည့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကိုထည့်သွင်းကာ မြို့နယ်အတွင်းရှိ ကျောင်းသား/သူ (၂၅၀၀) ခန့်က ပါဝင်ဆင်နွှဲသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)